Xiaomi ရဲ့ Mi MIX စီးရီးဟာ ထူးခြားဆန်းသစ်တဲ့ ဒီဇိုင်းတွေကို ဦးစွာ အသုံးပြုလေ့ရှိတာကြောင့် လူသိများတဲ့ စမတ်ဖုန်းတွေ ဖြစ်ပါတယ်။ ပထမဆုံး Mi MIX ဖုန်းမှာ ဘောင်မဲ့မျက်နှာပြင်ဒီဇိုင်းကို အစောဆုံး အသုံးပြုခဲ့ပြီး၊ နောက်ဆုံးထုတ်ထားတဲ့ Mi MIX 2S မှာဆိုရင်လည်း ထူးခြားတဲ့ ဆလိုက်ဒါဒီဇိုင်းကို စမ်းသပ်အသုံးပြုခဲ့ပါတယ်။
ယနေ့မှာတော့ Mi MIX စီးရီးရဲ့ စတုတ္ထမြောက်မော်ဒယ် “Mi MIX Alpha” ကို တရားဝင် မိတ်ဆက်ပေးလိုက်ပါပြီ။ အစဉ်အလာမပျက် ထူးခြားဆန်းသစ်တဲ့ ဒီဇိုင်းကို အသုံးပြုထားတာ တွေ့ရပါတယ်။
Mi MIX Alpha မှာ ရှေ့ဘက်စခရင်က ကိုယ်ထည်ဘေးနှစ်ဖက်အပြင် ဖုန်းနောက်ကျောဖက်အထိပါ ဖုံးအုပ်ထားတာ တွေ့ရမှာ ဖြစ်ပါတယ်။ စခရင်နှစ်ခုပါတဲ့ ဖုန်းတွေလို သီးသန့်စခရင်တခုစီ သုံးထားတာ မဟုတ်ဘဲ စခရင်တခုတည်းကိုပဲ ကိုယ်ထည်တခုလုံး ပတ်လည်အုပ်ပေးထားတာပါ။
ယခု “Surround Display” ဒီဇိုင်းသစ်ကြောင့် စခရင်နဲ့ ကိုယ်ထည်အချိုးအစား ၁၈၀.၆ ရာခိုင်နှုန်းအထိ ရှိတယ်လို့ ကုမ္ပဏီက ပြောပါတယ်။ မကြာခင်က မိတ်ဆက်ခဲ့တဲ့ “Vivo NEX 3 5G” ရဲ့ Waterfall မျက်နှာပြင်ဒီဇိုင်းနဲ့ ဆင်သလို ရှိပါတယ်။ ဒါပေမယ့် Mi MIX Alpha မှာတော့ စခရင်က ဖုန်းနောက်ဖက်ထိပါ ရောက်နေမှာပါ။ ကျောဖက်ကင်မရာအတန်းလိုက်စာပဲ နေရာချန်ထားတာ တွေ့ရပါတယ်။
ဒီဇိုင်းအသစ်ကြောင့် ဖုန်းကိုယ်ထည်အရည်အသွေးထိခိုက်မှု မရှိစေဖို့အတွက် Mi MIX Alpha မှာ တိုက်တေနီယမ်သတ္တုကိုယ်ထည်ကို အသုံးပြုပေးထားပါတယ်။ ကျောဖက်က ကင်မရာဘားကို Ceramic ကြွေသားနဲ့ လုပ်ထားပြီး ကင်မရာတွေကို နီလာမှန်သားနဲ့ အုပ်ပေးထားပါတယ်။ မျက်နှာပြင်က ဖုန်းဘေးနှစ်ဖက်စလုံးကို အုပ်နေတာကြောင့် Mi MIX Alpha မှာ ရိုးရိုးဖုန်းခလုတ်တွေ ပါတင်မှာ မဟုတ်ပါဘူး။ ဒီ့အစား ဘေးဘက်မျက်နှာပြင် နေရာအချို့ကို ဖိအားသိ Touchscreen ဇုန်အဖြစ် လုပ်ပေးထားပါတယ်။ ဒီနေရာကို ခလုတ်အစား နှိပ်သုံးရမှာပါ။ အသံအတိုးအချဲ့လုပ်ချင်တဲ့အခါ အဆိုပါနေရာကို ပွတ်ဆွဲလိုက်ရုံပါပဲ။ ဖိအားသိမျက်နှာပြင်ဖြစ်တာကြောင့် ဂိမ်းကစားတဲ့အခါလည်း ခလုတ်ပုံစံ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
ဖုန်းကိုယ်ထည်တခုလုံးက စခရင်အပြည့်ဖြစ်နေတာကြောင့် မတော်တဆနှိပ်မိတဲ့အဖြစ်ကနေ ကင်းရအောင်လည်း Xiaomi က စဉ်းစားပေးထားပါတယ်။ Xiaomi AI က ဖုန်းကိုယ်ထည်အနေအထားကို အမြဲတမ်း စောင့်ကြည့်ပေးကာ ဖုန်းအသုံးပြုမှုပုံစံအလိုက် မလိုအပ်တဲ့စခရင်နေရာမှာ လက်ဖိမိတာမျိုး မဖြစ်မိအောင် ကာကွယ်ပေးမှာ ဖြစ်ပါတယ်။
Mi MIX Alpha မှာ ကျောဘက်က မျက်နှာပြင်ကိုလည်း ကောင်းစွာ အသုံးချနိုင်မှာ ဖြစ်ပါတယ်။ Maps ၊ Calculator စတဲ့ Apps မျိုးစုံကို ကျောဘက်မှာ ဖွင့်သုံးနိုင်မှာပါ။
ဒီဖုန်းရဲ့ နောက်ထပ်ထူးခြားချက်တခုကတော့ ကင်မရာ ဖြစ်ပါတယ်။ ကျောဘက်ကင်မရာသုံးလုံးမှာ အဓိကဆန်ဆာက Samsung ရဲ့ 108MP ISOCELL Bright HMX ဆန်ဆာ ဖြစ်ပါတယ်။ Sony ရဲ့ 48MP IMX586 ဆန်ဆာထက် လေးဆကြီးမှာပါ။
နောက်တလုံးက 20MP မြင်ကွင်းကျယ်ကင်မရာနဲ့ 12MP Depth ဆန်ဆာတို့ ဖြစ်ပါတယ်။ စခရင်က နောက်မှာပါ မြင်ရတာကြောင့် ရှေ့ဘက်ကင်မရာလုံးဝ မပါဝင်ပါဘူး။ Selfie ရိုက်ချင်ရင် ဖုန်းကို ရှေ့နောက်လှည့်ပြီး ကျောကင်မရာနဲ့ ရိုက်ရုံပါပဲ။ သာမန်ရှေ့ကင်မရာထက် ပိုမိုအရည်အသွေးကောင်းတဲ့ Selfie ပုံတွေ ရိုက်ကူးနိုင်ပါလိမ့်မယ်။
စွမ်းဆောင်ရည်အားဖြင့် Mi MIX Alpha မှာ နောက်ဆုံးပေါ် Qualcomm Snapdragon 855 Plus Chipset ကို အသုံးပြုထားပြီး၊ 12GB RAM နဲ့ 512GB UFS 3.0 Storage တို့ ပါဝင်မှာ ဖြစ်ပါတယ်။ 4,050mAh ဘက်ထရီနဲ့ ဖြစ်ကာ 40W Turbo Charging စနစ် အသုံးပြုနိုင်မှာပါ။ မျိုးဆက်သစ် 5G ကွန်ရက်လည်း သုံးနိုင်မှာ ဖြစ်ပါတယ်။
ရှေ့ပြေးဒီဇိုင်းသစ်ကို ဦးဦးဖျားဖျား အသုံးပြုထားတဲ့ ဖုန်းဖြစ်တာကြောင့် စျေးကွက်ထဲ ချက်ချင်း ရောက်လာမှာ မဟုတ်ပါဘူး။ တရုတ်က Mi Stores တွေမှာ ပရိတ်သတ်တွေ စမ်းသပ်အသုံးပြုနိုင်အောင် ချပေးထားမယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စိတ်ဝင်စားသူတွေအတွက် အလုံးရေအနည်းငယ်ပဲ ထုတ်လုပ်ရောင်းချသွားမှာပါ။ စျေးကလည်း ယွမ် ၁၉,၉၉၉ ဆိုတော့ ဒေါ်လာ ၂၈၀၀ လောက် ရှိပါလိမ့်မယ်။ ဒီဇင်ဘာလောက်မှ စတင်ဝယ်ယူနိုင်မှာပါ။
Ref: Gizmochina, XDA Developers