Xbox ဂိမ်းတွေကို ဖုန်း၊တက်ဘလက်မရွေး ဆော့ကစားနိုင်မယ့် Microsoft “Project xCloud” Game Sreaming ဝန်ဆောင်မှုကို ယနေ့ကစပြီး စာရင်းပေးသွင်းနိုင်ပြီ ဖြစ်ပါတယ်။ ဗြိတိန်၊ အမေရိကားနဲ့ ကိုရီးယားတို့မှာ ဒီနေ့ပဲ စာရင်းလက်ခံနေတာပါ။ စိတ်ဝင်စားသူတွေအနေနဲ့ ယခု Link မှာ သွားရောက် လျှောက်ထားနိုင်ပါတယ်။
ယခု ထုတ်ပေးတာက ကနဦးစမ်းသပ်မှု (Initial Preview) အဆင့်ပဲ ရှိသေးတာကြောင့် လူအနည်းငယ်လောက်ပဲ ဆော့ခွင့်ရဖို့ မှာပါ။ ဒါ့အပြင် ပါဝင်မယ့် ဂိမ်းအရေအတွက်ကိုပါ လျော့ချထားပါတယ်။ ပါဝင်ခွင့်ရသူတွေကို လာမယ့်ရက်သတ္တပတ်အတွင်း ဖိတ်ကြားလွှာ ပို့ပေးသွားမှာ ဖြစ်ပါတယ်။
“Project xCloud စမ်းသပ်ထုတ်ပေးမှုအဆင့်မှာ Gears 5၊ Halo 5: Guardians၊ Killer Instinct နဲ့ Sea of Thieves ဂိမ်းတွေလောက်ပဲ ပါဝင်ဦးမှာပါ။ ကနဦးစမ်းသပ်မှုအနေနဲ့ ဒီဂိမ်းဆော့တဲ့လူတွေထဲကမှ စိတ်ဝင်တစားနဲ့ ပုံမှန်ဆော့ဖြစ်သူတွေရဲ့ တုံ့ပြန်မှုအချက်အလက်တွေကို စုဆောင်းသွားဖို့ ရည်ရွယ်ထားပါတယ်” လို့ Microsoft ရဲ့ ပြောရေးဆိုခွင့်ရှိသူတဦးက The Verge သတင်းဌာနကို ပြောကြားခဲ့ပါတယ်။
“နောက်ပိုင်းစမ်းသပ်မှုတွေမှာတော့ ပါဝင်မယ့် ဂိမ်းအရေအတွက်ကို တဖြည်းဖြည်း တိုးပေးသွားဖို့ ရှိပါတယ်။ မကြာခင်အချိန်အတွင်း အသေးစိတ်အချက်အလက်တွေကို ထပ်မံကြေညာပေးပါမယ်” လို့ ၄င်းက ပြောကြားပါတယ်။
Project xCloud ဆိုတာ Xbox ဂိမ်းတွေကို အင်တာနက်လိုင်းရှိရုံနဲ့ မိုဘိုင်းစက်တွေမှာ ဆော့ကစားနိုင်မယ့် Game Streaming ဝန်ဆောင်မှုနည်းပညာတခု ဖြစ်ပါတယ်။ xCloud ကို စမ်းသပ်အသုံးပြုချင်တယ်ဆိုရင် Bluetooth 4.0 အသုံးပြုနိုင်တဲ့ Android 6.0 နှင့်အထက် ဖုန်း၊ တက်ဘလက်တလုံး၊ Microsoft အကောင့်တခုနဲ့ Bluetooth ချိတ်နိုင်တဲ့ Xbox One လက်ကိုင်ခလုတ်တခု ရှိဖို့ လိုအပ်ပါတယ်။
ဒီအတွက် Google Play Store မှာ Microosft က Game Streaming App အသစ်တခု ထုတ်ပေးသွားမှာပါ။ ပါဝင်စမ်းသပ်မယ့်လူအချို့ပဲ အဆိုပါ App ကို Sign In ဝင်သုံးနိုင်မှာ ဖြစ်ပါတယ်။ Wi-Fi ဖြစ်စေ မိုဘိုင်းအင်တာနက်လိုင်းနဲ့ ဖြစ်စေ အသုံးပြုနိင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။ စမ်းသပ်ကာလအတွင်း ပါဝင်တဲ့ ဂိမ်းအားလုံးကို အခကြေးငွေ ပေးစရာမလိုဘဲ ကစားနိုင်မှာပါ။
xCloud ကို မိုဘိုင်းအင်တာနက်လိုင်းတွေနဲ့ အဆင်ပြေစွာ ဆော့ကစားနိုင်ဖို့အတွက် ဆက်သွယ်ရေးကုမ္ပဏီအချို့နဲ့ Microsoft တို့ လက်တွဲလုပ်ဆောင်လျက်ရှိပါတယ်။ တောင်ကိုရီးယားမှာ SK Telecom နဲ့ 5G ကွန်ရက်ဆိုင်ရာ လက်တွဲမှုတခုကို ယခုတပတ်အတွင်း စတင်သွားမှာပါ။ အမေရိကန်က T-Mobile ၊ ဗြိတိန်က Vodafone တို့နဲ့လည်း နည်းပညာအရ လက်တွဲထားပါတယ်။
5G ကွန်ရက်သစ် ပေါ်ထွက်လာတာနဲ့အတူ အနာဂတ်မှာ Project xCloud အပါအဝင် အလားတူ Cloud နည်းပညာအခြေပြု Game Streaming ဝန်ဆောင်မှုတွေ ပိုမိုတွင်ကျယ်လာဖို့ ရှိပါတယ်။ Cloud Game Streaming ဟာ အရင်လို ပလက်ဖောင်းမရွေးဘဲ စခရင်ပါတဲ့ စက်တိုင်းမှာ ပါသမျှဂိမ်းအကုန် ဆော့ကစားနိုင်တာကြောင့် ဂိမ်းစျေးကွက်ကို မြေလှန်ပြောင်းလဲပစ်နိုင်မယ့် နည်းပညာသစ်အဖြစ် ကျွမ်းကျင်သူတွေက ထင်ကြေးပေးထားကြပါတယ်။
Microsoft နည်းတူ နည်းပညာထိပ်သီး Google ကလည်း “Stadia” ဆိုတဲ့ Game Streaming ဝန်ဆောင်မှုတမျိုး ထုတ်ဖို့ ပြင်ဆင်လျက် ရှိပါတယ်။ Stadia ကို စတင်ထုတ်ပေးချိန်မှာ ၁၂၉.၉၉ ဒေါ်လာ အရင်သွင်းပြီး၊ နောက်ထပ် တလ ၉.၉၉ ဒေါ်လာ သွင်းမှ ဆော့နိုင်မှာ ဖြစ်ပါတယ်။ ဒီထဲမှာ မိမိစိတ်ကြိုက် ဂိမ်းဝယ်တဲ့စရိတ်တွေ မပါသေးပါဘူး။ ကြိုသွင်းငွေ မလိုတဲ့ လစဉ်ကြေးသီးသန့် Stadia ကိုတော့ ၂၀၂၀ လောက်မှာ ထုတ်ပေးဖို့ ရှိတယ်လို့ သိရပါတယ်။
Microsoft ဘက်ကတော့ xCloud ကို ဘယ်လိုပုံစံ၊ ဘယ်လောက်စျေးနဲ့ ရောင်းမလဲဆိုတာ မပြောသးပါဘူး။ တရားဝင်ထုတ်ပေးမယ့် ရက်တောင် မပြောသေးတာကြောင့် အရင်ဆုံး လိုအပ်တဲ့ အရည်အသွေးပြည့်မီအောင် အဆင့်ဆင့်စမ်းသပ်ဦးမယ့်ပုံ ပေါ်ပါတယ်။
Ref: The Verge, Ars Technica