လူကြိုက်အများဆုံး Xiaomi ထုတ်ကုန်တခုဖြစ်တဲ့ Mi TV စီးရီးသစ် “Mi TV Pro” ကို တရုတ်နိုင်ငံမှာ မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါတယ်။ Mi MIX Alpha၊ Mi 9 Pro 5G ဖုန်းတွေနဲ့အတူ စက်တင်ဘာ ၂၄ ရက်နေ့ပွဲမှာ တပါတည်း မိတ်ဆက်ပေးခဲ့တာပါ။
အသစ်ထွက်ရှိလာတဲ့ Mi TV Pro စီးရီးမှာ ၄၃ လက်မ၊ ၅၅ လက်မနဲ့ ၆၅ လက်မ ဆိုပြီး မော်ဒယ်သုံးမျိုး ရှိပါတယ်။ ကမ္ဘာ့ ပဉ္ဒမအကြီးဆုံး တီဗီကုမ္ပဏီ ဖြစ်လာတဲ့ Xiaomi ဟာ Mi TV Pro အသစ်တွေကို ဒီဇိုင်းကော အရည်အသွေးပါ ထိပ်တန်းအဆင့်ရှိအောင် ထုတ်လုပ်ထားတာ တွေ့ရပါတယ်။
ဖရိန်ကို အရည်အသွေးမြင့် အလူမီနီယမ်သတ္တုနဲ့ ပြုလုပ်ထားပြီး၊ ကျောဘက်ကိုယ်ထည်ကိုတော့ 3D ကာဗွန်ဖိုင်ဘာသုံးပေးထားပါတယ်။ ဘယ်အနေအထားကပဲ ကြည့်ကြည့် တီဗီဒီဇိုင်းအလှ မပျက်ဘူးလို့ Xiaomi က ဂုဏ်ယူစွာ ပြောကြားထားပါတယ်။
Mi TV Pro မော်ဒယ်သုံးမျိုးစလုံးမှာ အဓိကဆွဲဆောင်မှုကတော့ ဆန်းသစ်တဲ့ မျက်နှာပြင်ပြည့်ဒီဇိုင်းပါ။ ဖုန်းတွေမှာ ခေတ်စားနေတဲ့ ဘောင်မဲ့ဒီဇိုင်းကို Mi TV စီးရီးမှာ ပထမဆုံးအကြိမ် တွေ့မြင်ရတာပါ။ မျက်နှာပြင်ပတ်လည်ဘေးဘောင်တွေက အရင်ထက် အများကြီးသေးသွားပါတယ်။
Mi အမှတ်တံဆိပ်ပါတဲ့ အောက်ဘောင်တခုပဲ အနည်းငယ်သိသာကာ အပေါ်နဲ့ ဘေးဘောင်တွေက မပါသလောက်နီးပါး သေးငယ်ပါတယ်။ စခရင်နဲ့ ကိုယ်ထည်အချိုးအစား ၉၇ ရာခိုင်နှုန်းအထိ ရှိတာကြောင့် စခရင်အပြည့်အရသာကို အပြည့်အဝခံစားနိုင်မှာပါ။
မော်ဒယ်အားလုံးမှာ မြန်နှုန်း 1.9GHz ရှိတဲ့ Quad Core 64 bit Processor ကို အသုံးပြုထားပြီး၊ 2GB RAM နဲ့ 32GB Storage တို့ ပါဝင်ပါတယ်။ 2nm FinFET နည်းစနစ်နဲ့ ထုတ်လုပ်ထားတဲ့ Chipset ဖြစ်တာကြောင့် စွမ်းအင်သုံးစွဲမှု အလွန်နည်းတယ်လို့ သိရပါတယ်။ အရင် Mi TV တွေလိုပဲ PatchWall OS စနစ်ကိုပဲ ဆက်လက် အသုံးပြုထားပါတယ်။ Tencent Video၊ Youku နဲ့ VOD စတဲ့ Video Streaming ဝန်ဆောင်မှုအများအပြား တပါတည်း ပါဝင်လာမှာပါ။
Mi TV Pro ရဲ့ နောက်ထပ် အဓိကလုပ်ဆောင်ချက်တခုကတော့ 8K ဗီဒီယိုပြပေးနိုင်တာပါ။ မျက်နှာပြင်ရုပ်ထွက်အရည်အသွေးက 4K ပဲ ဖြစ်ပေမယ့် ရုပ်ထွက် ၂ ဆ မြှင့်ပေးမယ့် Upscaling နည်းပညာနဲ့ 8K ပြပေးနိုင်တာ ဖြစ်ပါတယ်။
တရုတ်မှာ 8K Video Playback ပြနိုင်တဲ့ တီဗီ ထုတ်နိုင်တဲ့ ပထမဆုံးကုမ္ပဏီ ဖြစ်တယ်လို့ Xiaomi က ဆိုပါတယ်။ Dolby Audio စနစ်၊ XiaoAi Assistant၊ အသံအမိန့်ပေးစနစ် တို့ ပါဝင်တာ ဖြစ်ပါတယ်။ IoT ပစ္စည်းတွေကိုလည်း Mi TV Pro နဲ့ ချိတ်ဆက်ထိန်းချုပ်နိုင်ပါတယ်။ 4
စျေးနှုန်းအားဖြင့် Mi TV Pro ၄၃ လက်မမော်ဒယ်ကို ၂၁၀ ဒေါ်လာ၊ ၅၅ လက်မကို ၃၃၇ ဒေါ်လာနဲ့ ၆၅ လက်မ ၄၇၈ ဒေါ်လာ အသီးသီး သတ်မှတ်ထားပါတယ်။ တရုတ်နိုင်ငံမှာ ယနေ့ကစ ကြိုတင်အော်ဒါမှာယူနိုင်ပြီ ဖြစ်ကာ စက်တင်ဘာ ၂၇ ရက်နေ့မှာ စတင်ရောင်းချသွားမှာပါ။ အရင် Mi TV အများစုလိုပဲ ပြည်တွင်းစျေးကွက်ကိုလည်း ဝင်ရောက်လာမယ်လို့ ခန့်မှန်းရပါတယ်။
Ref: Gizmochina, India Today