မြန်မာနိုင်ငံရဲ့ ဆက်သွယ်ရေး အော်ပရေတာတခုဖြစ်တဲ့ အူရီဒူးမြန်မာနဲ့ ZTE တို့မှ မြန်မာနိုင်ငံမှာ ပထမဦးဆုံးအဖြစ် 5G ကွန်ရက် လုပ်ဆောင်နိုင်စွမ်းနဲ့ အမြန်နှုန်းတို့ကို တိုက်ရိုက် လက်တွေ့လုပ်ဆောင် ပြသခြင်း အခမ်းအနားကို စက်တင်ဘာလ ၂၅ ရက်နေ့က ရန်ကုန်မြို့၊ မြန်မာပလာဇာမှာ ပြုလုပ်ခဲ့ပါတယ်။
အဆိုပါ အခမ်းအနားမှာ 5G အမြန်နှုန်း တိုက်ရိုက် စမ်းသပ်ပြသခြင်း၊ ပုံရိပ်ယောင် (VR) အတွေ့အကြုံနဲ့ Drone ပျံသန်းခြင်းကို အခြေခံတဲ့ စောင့်ကြည့် စစ်ဆေးမှုစနစ်တို့ 5G အင်တာနက် ကွန်ရက် အသုံးပြုပြီး လက်တွေ့ စမ်းသပ် အသုံးပြု ပြသခဲ့တာ ဖြစ်ပါတယ်။ အူရီဒူး 5G ကွန်ရက် အမြန်နှုန်း တိုက်ရိုက် စမ်းသပ်ပြသမှုကနေ 1.75 Gbps အမြန်နှုန်းကို လက်တွေ့စမ်းသပ် ပြသနိုင်ခဲ့ပါတယ်။
အူရီဒူးမှ အင်းယားကန် ပတ်လည်မှာ Drone ပျံသန်းခြင်းကို အခြေခံတဲ့ စောင့်ကြည့် စစ်ဆေးမှုစနစ်ကို 5G ကွန်ရက် အသုံးပြုကာ လက်တွေ့ပြသခဲ့ပြီး Drone ပျံသန်းနေစဉ်အတောအတွင်း ပုံရိပ်များနဲ့ ဗီဒီယိုမှတ်တမ်းများကိုလည်း အချိန်နဲ့ တပြေးညီ တပြိုင်နက်တည်း ပြသခဲ့ပါတယ်။
“5G လုပ်ဆောင်ချက်တွေကို လက်တွေ့ပြသတာဟာ အူရီဒူးရဲ့ ပြောင်းလဲဖော်ဆောင်မှုဟာ မြန်မာနိုင်ငံရဲ့ လူမှုဝန်းကျင်၊ လုပ်ငန်းနယ်ပယ် ကဏ္ဍတွေရဲ့ ပြည်သူလူထုရဲ့နေ့စဉ်ဘဝတွေကို ဒီဂျစ်တယ်ပြောင်းလဲဖော်ဆောင်မှု လှိုင်းအသွင်သစ် ဖန်တီးဖို့အတွက် ကျနော်တို့ရဲ့ အဆင်သင့်ဖြစ်နေမှုကို ပြသလိုက်တာပဲ ဖြစ်ပါတယ်။ ကျနော်တို့အနေနဲ့ ZTE Corporation နဲ့အတူ သုံးစွဲသူတွေကို 5G ကွန်ရက် ပြသနိုင်တဲ့အတွက် ဝမ်းသာ ဂုဏ်ယူပါတယ်”လို့ အူရီဒူးမြန်မာရဲ့ CEO ဖြစ်သူ Mr. Rajeev Sethi က ပြောပါတယ်။
“ZTE အနေနဲ့ 5G တီထွင်ဖန်တီးမှုမှာ ဦးဆောင်နိုင်ဖို့ အဓိကထား ဆောင်ရွက်နေပြီး ဒီနည်းပညာဟာ မြန်မာပြည်သူလူထုကို အနာဂတ်မှာ လုပ်ဆောင်နိုင်စွမ်းတွေ မြင့်မားစေဖို့ အသေအချာ ကူညီပေးနိုင်မှာဖြစ်ပါတယ်။ ဒီဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် ဒီမျိုးဆက်သစ် ကွန်ရက် အဆောက်အအုံက အရေးကြီးကဏ္ဍကနေ ပါဝင်လာမှာ ဖြစ်ပါတယ်” လို့ ZTE Corporation ရဲ့ SVP ဖြစ်သူ Mr. Mei Zhonghua က ပြောကြားခဲ့ပါတယ်။
5G ကွန်ရက် နည်းပညာကို မကြာခင် နှစ်အတွင်း အမြန်ဆုံး လုပ်ဆောင်နိုင်အောင် အူရီဒူးမှ အကောင်အထည်ဖော် ဆောင်ရွက်နေပြီး ကနဦးအနေဖြင့် မြန်မာနိုင်ငံရဲ့ မြို့ကြီးများမှာ သုံးစွဲနိုင်အောင် ကြိုးပမ်း ဆောင်ရွက်သွားမယ်လို့ အူရီဒူးမှ တာဝန်ရှိသူများက ဆိုပါတယ်။