အရည်အသွေးကောင်းမွန်တဲ့ စမတ်ဖုန်းတွေကြောင့် လူသိများလာတဲ့ တရုတ်စမတ်ဖုန်းကုမ္ပဏီ OnePlus ရဲ့ ကုန်ပစ္စည်းသစ် မိတ်ဆက်ပွဲကို အိန္ဒိယနိုင်ငံမှာ စက်တင်ဘာ ၂၆ ရက်နေ့က ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါပွဲမှာ ကုမ္ပဏီရဲ့ ပထမဆုံးစမတ်တီဗီ၊ OnePlus 7T စမတ်ဖုန်းအသစ်တို့နဲ့အတူ “OnePlus Pay” လို့ ခေါ်တဲ့ မိုဘိုင်းငွေပေးချေမှုစနစ်ကိုပါ မိတ်ဆက်သွားခဲ့ပါတယ်။
“နောက်ဆုံးအနေနဲ့ အားလုံး မထင်မှတ်ထားတာလေးတခု ကြေညာဖို့ ရှိပါတယ်” လို့ အစချီကာ OnePlus ရဲ့ ဆော့ဖ်ဝဲထုတ်ကုန်တိုးတက်ရေးဌာနမှူဖြစ်သူ Szymon Kopen က OnePlus Pay စနစ်ကို မိတ်ဆက်ပေးခဲ့တာပါ။
“ကျနော်တို့ တနှစ်ကျော်လောက် အားထုတ်ကြိုးစားနေတဲ့ အမိုက်စားထုတ်ကုန်အသစ်တခု ရှိပါတယ်။ ကျနော် ဝမ်းသာ အားရ အသိပေးချင်တာကတေ့ ခင်ဗျားတို့အားလုံး ရှေ့နှစ်ကစပြီး ဘယ်သွားသွား ပိုက်ဆံအိတ် ကိုင်သွားစရာ မလိုတော့ပါဘူး။ ဒီအတွက် ကျနော်တို့ရဲ့ OnePlus Pay စနစ်နဲ့ မိတ်ဆက်ပေးချင်ပါတယ်” လို့ Kopec က ပြောကြားခဲ့ပါ တယ်။
OnePlus Pay ထွက်ရှိလာတာကြောင့် အခုဆို Samsung, Google, Xiaomi, Apple နဲ့ Vivo အပါအဝင် နာမည်ကြီးစမတ်ဖုန်းကုမ္ပဏီတော်တော်များများမှာ ကိုယ်ပိုင်ငွေပေးချေမှုစနစ်တွေ ကိုယ်စီရှိနေပြီ ဖြစ်ပါတယ်။
တရုတ်နိုင်ငံထဲမှာပဲ သုံးလို့ရတဲ့ Xiaomi Pay လို ငွေပေးချေမှုစနစ်မျိုး ရှိသလို၊ Google Pay လိုမျိုး အမေရိကန်နဲ့ ဥရောပနိုင်ငံအစုံမှာ သုံးနိုင်တဲ့ စနစ်တွေလည်း ရှိပါတယ်။ လက်ရှိမှာ အသုံးပြုနိုင်တဲ့ နိုင်ငံအစုံလင်ဆုံးကတော့ Samsung Pay ဖြစ်ပါတယ်။
တရုတ်အခြေစိုက် OnePlus အနေနဲ့ OnePlus Play စနစ်ကို အဆိုပါ နာမည်ကြီးငွေပေးချေမှုစနစ်တွေနဲ့ ဘယ်လို ဈေးကွက်ယှဉ်ပြိုင်မလဲဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ မိခင်တရုတ်နိုင်ငံမှာပဲ ထုတ်ပေးမလား ဒါမှမဟုတ် အိန္ဒိယလို ပရိတ်သတ်အခိုင်အမာရပြီးသား ပြည်ပဈေးကွက်တွေကိုပဲ ဦးတည်မလားဆိုတာ စောင့်ကြည့်ရမှာပါ။
ဒါပေမယ့် ယခုမိတ်ဆက်ပွဲကို အိန္ဒိယနိုင်ငံမှာ လုပ်သွားခဲ့တာကြည့်မယ်ဆိုရင် အိန္ဒိယမှာ ဦးစွာ အသုံးပြုနိုင်မယ်လို့ ခန့်မှန်းရပါတယ်။ လက်ရှိ အိန္ဒိယနိုင်ငံတွင်းမှာလည်း မိုဘိုင်းငွေပေးချေမှုစနစ်မျိုးစုံကို တွင်ကျယ်စွာ အသုံးပြုလျက်ရှိပါတယ်။
OnePlus ကုမ္ပဏီဘက်ကတော့ OnePlus Pay စနစ်နဲ့ ပတ်သတ်ပြီး အသေးစိတ်အချက်အလက်အချို့ကို ထိမ်ချန်ထားဆဲ ဖြစ်ပါတယ်။ ဒီစနစ်မှာ အသုံးပြုထားတဲ့ နည်းပညာနဲ့ ပါဝင်မယ့် ဘဏ်တွေကိုတောင် မကြေညာရသေးပါဘူး။
လာမယ့်နှစ်အတွင်း ထုတ်ပေးမယ်လို့ပဲ အကြမ်းဖျဉ်း ပြောထားပါသေးတယ်။ သေချာသလောက်ကတော့ OnePlus Pay မှာ အခြား မိုဘိုင်းငွေပေးချေမှုစနစ်တွေလိုပဲ NFC အသုံးပြုနိုင်ပါလိမ့်မယ်။ OnePlus 2 နဲ့အထက် OnePlus ဖုန်းတိုင်းမှာလည်း NFC ပါပြီးသားဆိုတော့ ဒီအတွက် သိပ်အခက်အခဲ မရှိပါဘူး။ NFC မဟုတ်တဲ့ နောက်ထပ်ငွေပေးချေမှုပုံစံတွေကိုလည်း တွေ့မြင်ရဖို့ ရှိပါတယ်။
Ref: Gizmochina, Android Authority
You may also like these stories:
OnePlus 7 Pro ထက် ပိုမိုဈေးသက်သာတဲ့ OnePlus 7 ကို တပါတည်း မိတ်ဆက်
90Hz Screen နဲ့ ကျောကင်မရာ ၃ လုံးပါဝင်တဲ့ OnePlus 7 Pro ကို တရားဝင် မိတ်ဆက်
၅၄၉ ဒေါ်လာဈေးနဲ့ ထွက်ရှိလာတဲ့ OnePlus 6T စမတ်ဖုန်း