လက်ရှိ Android ဖုန်းတွေမှာ မပါမဖြစ် ပါနေကြ App တခုဖြစ်တဲ့ Google Play Music ကို နောက်ပိုင်းဖုန်းတွေမှာ တွေ့ရတော့မှာ မဟုတ်ပါဘူး။ Android စနစ်နဲ့ Default Music Player (ကြိုတင်သတ်မှတ်ပေးထားသည့် သီချင်းဖွင့် App) အဖြစ် YouTube Music ကို ပြောင်းလဲ သတ်မှတ်လိုက်ပြီ ဖြစ်ကြောင်း Google က ကြေညာလိုက်ပါတယ်။ လာမယ့် Android 10 နဲ့ အသစ်ထုတ် Android 9 ဖုန်းအကုန်လုံးမှာ YouTube Music ပဲ ကြိုတင်ပါဝင်လာာတော့မှာပါ။
“Android ဖုန်းအသုံးပြုတဲ့ ဂီတချစ်သူတွေအနေနဲ့ YouTube Music ရဲ့ အံ့မခန်းစွမ်းဆောင်ရည်ကို အလွယ်တကူ အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ ယခုအချိန်ကစပြီး Pixel စီးရီးအပါအဝင် Android 10 နဲ့ Android 9 ဖုန်းအသစ်အားလုံးမှာ YouTube Music ကြိုတင် ပါဝင်လာမှာ ဖြစ်ပါတယ်” လို့ Google က ကြေညာထားပါတယ်။
“ဖုန်းအသစ်ကို ဖွင့်လိုက်ပြီဆိုတာနဲ့ YouTube Music icon လေးကို ရှာပြီး သီချင်းတွေ တန်းနားထောင်ရုံပါပဲ။ Android 10 မရသေးဘူးဆိုလည်း စိတ်မပူပါနဲ့။ Play Store ကနေ ရယူနိုင်ပါတယ်” လို့ ရေးသားထားပါတယ်။
Google ဟာ YouTube Music ကို ၂၀၁၅ နိုဝင်ဘာမှာ စတင်ထုတ်ပေးစဉ်ကတည်းက Play Music နေရာ အစားထိုးဖို့အတွက် ရည်ရွယ်ထားခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် Play Music လို Android ဖုန်းတွေမှာ တပါတည်း ထည့်မပေးခဲ့ဘဲ Play Store ကနေပဲ သီးသန့် ထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။
အသုံးပြုသူတွေအနေနဲ့ YouTube Music ကို ကိုယ့်ဖုန်းထဲ ဖိုင်တွေပဲ ဖွင့်မယ်ဆိုရင် ပိုက်ဆံ မပေးဘဲ အခမဲ့ အသုံးပြုနိုင်ပါတယ်။ လစဉ်ကြေးပေးပြီး တိုက်ရိုက်နားထောင်ချင်တယ်ဆိုမှ တလကို ၁၀ ဒေါ်လာလောက် ကျသင့်မှာပါ။ လုပ်ဆောင်ချက် အတော်အသင့် စုံလင်နေပြီ ဖြစ်ပေမယ့် Play Music ရဲ့ အဓိက လုပ်ဆောင်ချက် အချို့ ကင်းမဲ့နေဆဲ ဖြစ်ပါတယ်။ ဥပမာအားဖြင့် ဖုန်းထဲက MP3 ဖိုင်တွေကို Cloud ပေါ်တင်ပြီး ရောက်လေရာက နားထောင်နိုင်တဲ့ လုပ်ဆောင်ချက်မျိုးလည်း မရသေးပါဘူး။
အကယ်၍ နောက်ပိုင်းဖုန်းအသစ်တွေမှာလည်း Google Play Music ကိုပဲ ဆက်သုံးချင်တယ်ဆိုရင်လည်း အသုံးပြုနိုင်ဦးမှာပါ။ အရင်လိုတော့ ဖုန်းထဲ တပါတည်း ပါလာမှာမဟုတ်တော့ဘဲ Play Store ကနေ Dowload ရယူပြီး သုံးရမှာ ဖြစ်ပါတယ်။
Google ဟာ လက်ရှိမှာ Play Music နဲ့ YouTube Music ဆိုပြီး ဂီတဝန်ဆောင်မှု ၂ မျိုး ခွဲလုပ်နေပေမယ့် နောက်ပိုင်းမှာတော့ YouTube Music ကိုပဲ တခုတည်းသော လစဉ်ကြေးဂီတပလက်ဖောင်းအဖြစ် အသက်သွင်းဖို့ ရည်ရွယ်ထားပါတယ်။
ပြီးခဲ့တဲ့ မေလမှာ YouTube Music ကို လစဉ်ကြေးသွင်းပြီး အသုံးပြုသူပေါင်း ၁၅ သန်းအထိ ရှိနေပြီ ဖြစ်ပါတယ်။ သုံးနှစ်ကျော်အတွင်း အသုံးပြုသူများစွာ တိုးတက်ခဲ့ပေမယ့် လစဉ်အသုံးပြုသူပေါင်း ၂၃၂ သန်းလောက် ရှိတဲ့ Spotify လို ပြိုင်ဘက်ဂီတဝန်ဆောင်မှုတွေနဲ့တော့ မယှဉ်နိုင်သေးပါဘူး။
Ref: Tech Crunch, The Verge