ယခုနှစ်အစောပိုင်းမှာ အမေရိကန်ကုန်သွယ်ရေးဝန်ကြီးဌာနက လုံခြုံရေးအန္တရာယ် စိုးရိမ်ရမှုကြောင့် Huawei ကုမ္ပဏီကို ကုန်သွယ်မှုပိတ်ပင်တဲ့စာရင်းထဲ ထည့်သွင်းကြောင်း အမိန့်ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါအမိန့်ကြောင့် အမေရိကန်ကုမ္ပဏီလုပ်ငန်းအားလုံး တရုတ်အခြေစိုက် Huawei နဲ့ ကူးသန်းရောင်းဝယ်ခွင့် ဆုံးရှုံးခဲ့ရသလို Google အပါအဝင် အမေရိကန်နည်းပညာကုမ္ပဏီကြီးအချို့လည်း Huawei ထံ ပေးအပ်နေတဲ့ ဝန်ဆောင်မှုတွေကို ရပ်ဆိုင်းပစ်ခဲ့ရပါတယ်။
အထူးသဖြင့် အမေရိကန်နည်းပညာသုံး ပစ္စည်းတွေ ထုတ်လုပ်ရောင်းချလျက်ရှိတဲ့ Huawei အနေနဲ့ အခက်အခဲများစွာ ရင်ဆိုင်ခဲ့ရပါတယ်။ Windows စနစ်နဲ့ ထုတ်နေကြ Matebook လက်ပ်တော့တွေကိုပါ Linux နဲ့ ပြောင်းထုတ်ခဲ့ရတဲ့အထိပါ။
ဒါ့အပြင် အမေရိကန်အစိုးရဟာ Huawei ကို နိုင်ငံတွင်း ကွန်ရက်ပစ္စည်း ရောင်းချမှု ပိတ်ပင်ရုံတင်မက မဟာမိတ်နိုင်ငံတွေကိုပါ Huawei ပစ္စည်းတွေ မဝယ်ကြဖို့ သတိပေးမှုတွေ လုပ်ခဲ့ပါတယ်။
နောက်ပိုင်း G-20 ထိပ်သီးအစည်းအဝေးအပြီးမှာတော့ ထရမ့်က သဘောထားပြောင်းသွားပြီး၊ Huawei ကို ကုန်သွယ်ရေးတားမြစ်မှုအချို့ ဖြေလျော့ပေးမှာဖြစ်ကြောင်း ကတိပေးပြောကြားခဲ့ပါတယ်။ ကတိပေးထားတဲ့အတိုင်းလည်း Huawei ကို နောက်ထပ် ရက် ၉၀ ယာယီလိုင်စင်တွေ ထုတ်ပေးခဲ့တာ တွေ့ရပါတယ်။ ယခုအချိန်မှာ အမေရိကန်နဲ့ Huawei တို့အကြား ပြေလည်မှုရတော့မယ်လို့ ထင်စရာပါ။
ဒါပေမယ့် Bloomberg ကနေ နောက်ဆုံးရရှိတဲ့ သတင်းတပုဒ်အရ အမေရိကန်အစိုးရရဲ့ ဆိုက်ဘာပေါ်လစီရေးရာ လက်ထောက်အတွင်းရေးမှူးဖြစ်သူ Rob Strayer ဟာ Huawei ထံက 5G ပစ္စည်းဝယ်တဲ့ မဟာမိတ်နိုင်ငံတွေကို အပြစ်ပေးသွားမှာဖြစ်ကြောင်း ခြိမ်းခြောက်ပြောကြားလိုက်တယ်လို့ သိရပါတယ်။
အဆိုပါနိုင်ငံတွေနဲ့ ထားရှိထားတဲ့ သတင်းအချက်အလက်ဖလှယ်ရေး သဘောတူညီချက်တွေကို ဖျက်သိမ်းတာမျိုး ဒါမှမဟုတ် တနည်းနည်းနဲ့ အပြစ်ပေးတာမျိုး လုပ်သွားမယ်လို့ ဆိုပါတယ်။
အမေရိကန်အစိုးရဘက်က ယခုလို သတိပေးချက်တွေ ထပ်ခါတလဲလဲ ထုတ်နေပေမယ့် မဟာမိတ်နိုင်ငံအချို့ပဲ ၎င်းသတိပေးချက်တွေကို လိုက်နာလျက်ရှိပါတယ်။ အခြားနိုင်ငံအများအပြားကတော့ အမေရိကန်အစိုးရရဲ့ ထင်မြင်ချက်တခုတည်းကို မကြည့်ဘဲ သူတို့မှာလည်း Huawei နဲ့ လက်တွဲလုပ်ကိုင်ဖို့အတွက် ကိုယ်ပိုင်စည်းမျဉ်းစည်းကမ်းတွေ အခိုင်အမာရှိကြောင်း ယုံကြည်ထားကြပါတယ်။
အထူးသဖြင့် Huawei ပစ္စည်းတွေဟာ အလွယ်တကူ ဝယ်ယူရရှိနိုင်သလို ဈေးလည်း ချိုသာတာကြောင့် သေးငယ်တဲ့နိုင်ငံတွေမှာ Huawei ကပဲ ရွေးချယ်စရာ ဖြစ်လာနိုင်ပါတယ်။
ဥရောပသမ္မဂအနေနဲ့လည်း 5G ကွန်ရက် တပ်ဆင်အသုံးပြုမှုကြောင့် ဖြစ်ပေါ်လာနိုင်တဲ့ လုံခြုံရေးအန္တရာယ် အကဲဖြတ်အစီရင်ခံစာတခုကို လာမယ့်လထဲမှာ ထုတ်ပြန်ဖို့ ရှိပါတယ်။ဒီနောက်ပိုင်းမှာတော့ ဥရောပသမ္မဂဝင် နိုင်ငံတိုင်း ကွန်ရက်ပစ္စည်းတခုကို မဝယ်ခင်နဲ့ နိုင်ငံတွင်း တပ်ဆင်အသုံးပြုခင်မှာ လုံခြုံစိတ်ချရကြောင်း အသိအမှတ်ပြုလက်မှတ် ရယူဖို့ လိုအပ်လာမှာ ဖြစ်ပါတယ်။ ကျွမ်းကျင်သူတွေကတော့ ဒီစည်းမျဉ်းအသစ်ကြောင့် EU နိုင်ငံတွေအကြား စိတ်ဝမ်းကွဲမှုတွေ ဖြစ်လာနိုင်တယ်လို့ ခန့်မှန်းထားကြပါတယ်။ ဥပမာအားဖြင့် ဟန်ဂေရီနိုင်ငံဟာ Huawei ကို ဗျူဟာမြောက်လက်တွဲဖော် နဲ့ 5G ကွန်ရက်သစ်အတွက် အဓိကပစ္စည်းပံ့ပိုးရောင်းချသူကုမ္ပဏီအဖြစ် သတ်မှတ်ထားပြီး ဖြစ်ပါတယ်။
Ref: Gizmochina, Gizchina
You may also like these stories:
မိသားစုကို iPhone တွေ ဝယ်ပေးဖြစ်ကြောင်း Huawei CEO ပြောကြား
Huawei က MedaPad M6 တက်ဘလက်ကို အရွယ်အစားနှစ်မျိုးနဲ့ မိတ်ဆက်
5G ကွန်ရက်မှာ Huawei ကို အပြီးတိုင် ပိတ်ပင်စရာ မလိုကြောင်း ဗြိတိန် ဆို