အင်တာနက် အသုံးပြုသူတွေအကြား ရေပန်းစားလျက်ရှိတဲ့ “TikTok” App ကို ထုတ်လုပ်ထားတဲ့ ByteDance ကုမ္ပဏီဟာ ၂၀၁၉ နှစ်ဝက်အတွင်းမှာ ကန်ဒေါ်လာ ၇ ဘီလျံကျော် ဝင်ငွေရရှိခဲ့တယ်လို့ Reuters သတင်းတပုဒ်မှာ ဖော်ပြထားပါတယ်။ ကုမ္ပဏီက ခန့်မှန်းထားတာထက် ဝင်ငွေပမာဏ များစွာ တိုးတက်ခဲ့တာ ဖြစ်ကြောင်း အတွင်းလူအချို့က ပြောကြားခဲ့ပါတယ်။
ByteDance ရဲ့ ယခုနှစ်ဝက်ဝင်ငွေဟာ ယမန်နှစ် တနှစ်လုံး ရရှိခဲ့တဲ့ ဝင်ငွေ ဒေါ်လာ ၇ ဒဿမ၂ ဘီလျံထက်ကို ပိုမိုများပြားနေတာ တွေ့ရပါတယ်။
တရုတ်အခြေစိုက် ByteDance ဟာ ၂၀၁၈ ခုနှစ်မှာ Musical.ly ဆိုတဲ့ App ကို ဝယ်ယူခဲ့ပြီးနောက် TikTok App ကို စတင်ထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။ နာမည်ကြီး သီချင်းတွေနဲ့အတူ စက္ကန့်အနည်းငယ်စာ ဗီဒီယိုလေးတွေ ရိုက်ကူးမျှဝေနိုင်တဲ့ TikTok ဟာ အချိန်တိုအတွင်း ကမ္ဘာ့အနှံ့ အောင်မြင်မှု အကြီးအကျယ်ရရှိခဲ့ပါတယ်။ အခုဆိုရင် တကမ္ဘာလုံးမှာ TikTok အသုံးပြုသူပေါင်း ၁ ဘီလျံကျော်နေပြီ ဖြစ်ပါတယ်။
ByteDance ဟာ TikTok သာမက အခြားအင်တာနက်လုပ်ငန်းတွေကိုလည်း အရှိန်အဟုန်နဲ့ တိုးချဲ့ဝင်ရောက်လျက်ရှိပါတယ်။ လွန်ခဲ့တဲ့လကတင် ရှာဖွေရေးအင်ဂျင်တခုနဲ့ လုပ်ငန်းသုံး မက်ဆေ့ချ်ပို့ App တခုကို မိတ်ဆက်ပေးပြီး ဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ လက်ရှိတန်ဖိုးက ကန်ဒေါ်လာ ၇၈ ဘီလျံဝန်းကျင် ရှိပြီး၊ ကမ္ဘာ့ တန်ဖိုးအကြီးဆုံး တက်သစ်စ နည်းပညာ ကုမ္ပဏီတခုအဖြစ် သတ်မှတ်ခံထားရပါတယ်။
အခုလို တကမ္ဘာလုံး အတိုင်းအတာနဲ့ အောင်မြင်မှုတွေ ရရှိနေပေမယ့် လောလောဆယ်မှာ ကုမ္ပဏီရဲ့ ဝင်ငွေအများစုကို မိခင် တရုတ်နိုင်ငံကနေ ရရှိနေတာ ဖြစ်ပါတယ်။ အထူးသဖြင့် ကြော်ငြာလက်ခံတဲ့ TikTok တရုတ်ဗားရှင်း “Douyin” ကနေ ဝင်ငွေအများဆုံး ရနေတာပါ။
TikTok ကတော့ ဝင်ငွေစဝင်တဲ့ အဆင့်မှာပဲ ရှိသေးတယ်လို့ သိရပါတယ်။ ဒါ့အပြင် ဘေဂျင်းအခြေစိုက်ကုမ္ပဏီဖြစ်တာနဲ့အညီ ဆင်ဆာဖြတ်တောက်မှုတွေ ရှိတယ်ဆိုတဲ့ စွပ်စွဲချက်တွေလည်း ရင်ဆိုင်နေရပါတယ်။ အဆိုပါပြဿနာကြောင့် ဗြိတိန်နဲ့ အမေရိကန်က စည်းကမ်းထိန်းသိမ်းရေးအဖွဲ့အစည်းတွေဟာ ByteDance ကုမ္ပဏီကို စုံစမ်းစစ်ဆေးလျက်ရှိတယ်လို့ သိရပါတယ်။
အထူးသဖြင့် ကလေးသူငယ်တွေရဲ့ ဒေတာ အချက်အလက်တွေကို ကုမ္ပဏီရဲ့ ကိုင်တွယ်မှုပုံစံနဲ့ ပတ်သတ်ပြီး စုံစမ်းစစ်ဆေးနေကြောင်း ဗြိတိန် သတင်းအချက်အလက် ကော်မရှင်မင်းကြီးက ထုတ်ဖော်ပြောကြားခဲ့ဖူးပါတယ်။ ဒါ့အပြင် ကလေးတွေကို အရွယ်ရောက်ပြီးသား လူကြီးတွေရဲ့ မှတ်ချက်ပေးမှုကနေ ကာကွယ်ပေးထားခြင်း ရှိ၊ မရှိကိုပါ စစ်ဆေးနေတယ်လို့ ဆိုပါတယ်။
ကလေးသူငယ်တွေအနေနဲ့ ဗီဒီယိုမျှဝေရေး App တွေမှာ လိင်ပိုင်းဆိုင်ရာ အမြတ်ထုတ်တဲ့ အန္တရာယ်တွေ ရင်ဆိုင်ရနိုင်ကြောင်း သတိပေးချက်တွေ ထွက်ပေါ်လာပြီးနောက်မှာ လူမှုကွန်ရက် App တော်တော်များများ အလားတူ ပြဿနာတွေ ရင်ဆိုင်နေရပါတယ်။ YouTube မှာတော့ လွန်ခဲ့တဲ့လ အနည်းကစပြီး ကလေးသူငယ်တွေပါတဲ့ ဗီဒီယိုတွေမှာ မှတ်ချက်ပေးခွင့် အပြီးတိုင် ပိတ်လိုက်ပြီ ဖြစ်ပါတယ်။
Ref: CBNC, Business Insider