တောင်ကိုရီးယား အီလက်ထရောနစ်ကုမ္ပဏီ Samsung ဟာ စမတ်ဖုန်းနည်းပညာ သမိုင်းကြောင်းမှာ အဓိက အခန်းကဏ္ဍကနေ ပါဝင်ခဲ့တဲ့ ကုမ္ပဏီတခုပါ။ ကမ္ဘာအနှံ့ ဖုန်းအလုံးရေ အများဆုံး တင်ပို့ရောင်းချနိုင်တဲ့ ကုမ္ပဏီတခုဖြစ်သလို၊ ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းအစိတ်အပိုင်း ထုတ်လုပ်တဲ့ ကုမ္ပဏီတခု ဖြစ်ပါတယ်။ ဖုန်းမျက်နှာပြင်မျိုးစုံကနေ ဖုန်းမှာထည့်သုံးဖို့ Chipset တွေအထိ စုံလင်စွာ ထုတ်လုပ်ရောင်းချပေးလျက် ရှိပါတယ်။
အခုလည်း Samsung က တခြားဘယ်ကုမ္ပဏီမှ မထုတ်ဖူးသေးတဲ့ စမတ်ဖုန်းကာဗာတမျိုးကို ထုတ်လုပ်ဖို့ ကြိုးစားနေပြီလို့ သိရပါတယ်။ သာမန်ကာဗာတွေထက် ထူးခြားတာက သုံးဖက်မြင် ဟိုလိုဂရမ် (Holograms) ပုံရိပ်တွေကို လေထဲမှာ ထိုးပြနိုင်တာပါ။ ယခုဒီဇိုင်းကို ၂၀၁၈ ခုနှစ်က အမေရိကန်မူပိုင်ခွင့်ရုံးမှာ လျှောက်ထားခဲ့ပြီး၊ ယခုနှစ် စက်တင်ဘာမှာ မူပိုင်ခွင့်ကျခဲ့တာ ဖြစ်ပါတယ်။
ယခု ဖုန်းကာဗာရဲ့ နောက်ထပ် ထူးခြားတခုကတော့ ဟိုလိုဂရမ်ပုံရိပ်တွေကို ပြသနိုင်ရုံသာမက အဆိုပါပုံရိပ်တွေကိုလည်း စခရင်မှာ နှိပ်သလို ထိတွေ့အသုံးပြုနိုင်တာ ဖြစ်ပါတယ်။ ဥပမာအားဖြင့် သီချင်းအဖွင့်အပိတ်ကို ဖုန်းကနေ နှိပ်စရာမလိုဘဲ ဟိုလိုဂရမ်မှာ မြင်ရတဲ့ ခလုတ်ကနေ လုပ်နိုင်မှာပါ။ ဆိုရှယ်မီဒီယာပို့စ်တွေနဲ့ အဝင် Notification တွေကိုပါ ဟိုလိုဂရမ်ကနေ ထိတွေ့ အသုံးပြုနိုင်ဖို့ ရည်ရွယ်ထားပါတယ်။
မူပိုင်ခွင့်ပုံတွေအရ Samsung ဟာ ယခုနည်းပညာမှာ အဓိကအစိတ်အပိုင်းသုံးခုကို အသုံးပြုထားတာ တွေ့ရပါတယ်။ ပထမဆုံးတခုကတော့ “Edge Display” ပါ။ Samsung Galaxy S7 Edge လို ဖုန်းတွေမှာ အသုံးပြုခဲ့တဲ့ ဘေးစွန်းကွေးမျက်နှာပြင် ဖြစ်ပါတယ်။ နောက်တခုကတော့ “Half Mirror” လို့ ခေါ်တဲ့ သာမန် အလင်းပြန်နိုင်တဲ့ မှန်ချပ်တမျိုးပါ။ နောက်ဆုံးတခုကတော့ ကားတွေ၊ ဆိုင်ကယ်တွေမှာ တွေ့ရတဲ့ ရောင်ပြန်လိုမျိုး “Retro-reflection member” ဖြစ်ပါတယ်။
ဖုန်းမျက်နှာပြင်က ပုံရိပ်တွေကို မှန်ချပ်ကနေ အလင်းပြန်ပေးပြီးနောက် ရောင်ပြန်ကနေတဆင့် သုံးဖက်မြင်ပုံရိပ်အဖြစ် လေထဲ ထိုးပြပေးမှာ ဖြစ်ပါတယ်။ လိုချင်တဲ့ရလဒ် ထွက်စေဖို့အတွက် ဒီအစိတ်အပိုင်း ၃ ခုကို တိကျတဲ့ ထောင့်ချိုးဒီဂရီအတိုင်း ကာဗာမှာ စီမံထည့်သွင်းထားမှာ ဖြစ်ပါတယ်။ ဖုန်းကို ကာဗာအစွပ်ထဲ ထည့်လိုက်တာနဲ့ ဟိုလိုဂရမ်ကို ချက်ချင်း အသုံးပြုနိုင်မှာပါ။ ဒီ့အတွက် သီးသန့်ဘက်ထရီလည်း လိုမှာ မဟုတ်ပါဘူး။
Samsung အနေနဲ့ ယခုကာဗာဒီဇိုင်းကို အမှန်တကယ် ထုတ်ဖို့ ရှိ၊မရှိ ဆိုတာ မသိရသေးပါဘူး။ ကုမ္ပဏီအနေနဲ့ သာမန် စမတ်ဖုန်းကာဗာမျိုးအပြင် စမတ်စပီကာ၊ စာအုပ်ကာဗာနဲ့ ကားမျက်နှာပြင်တွေမှာပါ ထည့်သွင်းအသုံးချဖို့ အတွက် မျှော်မှန်းထားတယ်လို့တော့ ပြောကြားထားပါတယ်။
Ref: Gizmochina, Android Headlines
You may also like these stories:
Samsung က တရုတ်နိုင်ငံမှာ ဖုန်းထုတ်လုပ်မှု လျှော့ချ
Vivo က Samsung နဲ့ လက်တွဲကာ 5G စမတ်ဖုန်းတလုံး ထုတ်လုပ်မည်
Galaxy A စီးရီးရဲ့ ပထမဆုံး 5G စမတ်ဖုန်းကို Samsung မိတ်ဆက်
Samsung Galaxy Fold စမတ်ဖုန်းကို တရုတ်နိုင်ငံတွင် စတင် မှာယူနိုင်ပြီ