Microsoft ရဲ့ Surface ထုတ်ကုန်သစ် မိတ်ဆက်ပွဲကို အောက်တိုဘာ ၂ ရက်နေ့ညက အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ ဒီပွဲမှာ သာမန် Surface ထုတ်ကုန်သစ်များစွာအပြင် အားလုံး မထင်မှတ်ထားတဲ့ ထုတ်ကုန်သစ်အချို့ကိုလည်း အံ့အားသင့်ဖွယ်ရာ တွေ့မြင်ခဲ့ရပါတယ်။
အထူးသဖြင့် ပွဲကြည့်ပရိတ်သတ် အားလုံး ပါးစပ်အဟောင်းသားဖြစ်ခဲ့ရတဲ့ Surface ထုတ်ကုန်သစ်နှစ်ခုကတော့ စခရင်နှစ်ခုပါ Surface Neo လက်ပ်တော့နဲ့ စခရင်နှစ်ခုပါ Surface Duo စမတ်ဖုန်းတို့ပါ။
Microsoft အနေနဲ့ စခရင်နှစ်ခု ပါဝင်တဲ့ ခေါက်ချိုး Device တမျိုး ဖန်တီးနေကြောင်း သတင်းထွက်ခဲ့တာ နှစ်အတော်ကြာခဲ့ပါပြီ။ အကြောင်းအမျိုးမျိုးကြောင့် တရားဝင် ပြသခဲ့ခြင်းမရှိဘဲ ယခုနှစ်ပွဲရောက်မှ စတင် မိတ်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်။ ထူးခြားတာက အားလုံးထင်ထားသလို Windows စနစ်နဲ့ မဟုတ်ဘဲ Google Android စနစ်နဲ့ ထွက်ရှိလာတာပါ။ ဒီဇိုင်းကတော့ ၂၀၁၂ လောက်ကတည်းက မြင်တွေ့ခဲ့ရတဲ့ ဒီဇိုင်းမျိုးပါပဲ။
Microsot Surface Duo ဟာ ဒီဇိုင်းအားဖြင့် လက်ရှိခေတ်စားနေတဲ့ ခေါက်ချိုးဖုန်းတွေနဲ့ လုံးဝ မတူပါဘူး။ ၅ ဒဿမ ၆ လက်မအရွယ် သီးသန့် စခရင်နှစ်ခုကို ၃၆၀ ဒီဂရီလှည့်နိုင်တဲ့ အဆက် (Hinge) နဲ့ စာအုပ်ပုံစံ တွဲဆက်ထားပါတယ်။ စခရင်က တဆက်တည်း ဖြစ်မနေဘဲ အလယ်မှာ သိသိသာသာ ကွာဟနေမှာပါ။ စခရင်နှစ်ခုကို ဖြန့်ထားရင် ၈ ဒဿမ ၃ လက်မအရွယ် တက်ဘလက်အသွင် ဖြစ်သွားပါတယ်။
Google ဘက်က Android ကို စခရင်နှစ်ခုပါ ဖုန်းတွေနဲ့ အသုံးပြုနိုင်အောင် ပြုလုပ်ထားပြီး ဖြစ်တာကြောင့် Surface Duo မှာလည်း Android စနစ်ကိုပဲ အသုံးပြုထားတာ တွေ့ရပါတယ်။ စခရင်တခုမှာ မတူညီတဲ့ App တခုစီ ဖွင့်သုံးနိုင်ပြီး၊ လုပ်ဆောင်ချက်နှစ်ခု ပြိုင်တူ အသုံးပြုနိုင်မှာပါ။
ဖုန်းကို အလျားလိုက်ထားတဲ့အခါ ဒုတိယ စခရင်ကို စာရိုက်ဖို့နဲ့ ဂိမ်းဆော့ရာမှာ ခလုတ်အဖြစ် သီးသန့် အသုံးပြုနိုင်ပါတယ်။ Android စနစ် ဆိုပေမယ့် Windows 10X နဲ့တူအောင် အသွင်အပြင် ပြောင်းလဲထားတာ တွေ့ရပါတယ်။
လက်ရှိ ပြသခဲ့တဲ့ Surface Duo မှာ Snapdragon 855 Chipset ကို ထည့်သွင်းအသုံးပြုထားတယ်လို့ သိရပါတယ်။ ၂၀၂၀ နှစ်ကုန်လောက် တရားဝင်ထွက်ရှိလာတဲ့အခါမှာ ယခုထက် စွမ်းဆောင်ရည်မြင့်တဲ့ Chipset ကို ပြောင်းလဲ အသုံးပြုနိုင်ပါတယ်။
ယခု Surface Duo ရှေ့ပြေးမော်ဒယ်မှာ ကျောကင်မရာရယ်လို့ ပါဝင်ခြင်း မရှိပါဘူး။ အရှေ့မှာလည်း ကင်မရာတလုံးမှ မပါတာ တွေ့ရပါတယ်။ ဒါပေမယ့် အပြီးသတ်ဗားရှင်းမှာတော့ ကျောကင်မရာ ပါလာနိုင်ပါတယ်။ စခရင်ကို ကျောချင်းကပ် ခေါက်ထားချိန်မှာ အဆိုပါ ကျောကင်မရာနဲ့ Selfie ပုံတွေ ရိုက်ကူးနိုင်မှာပါ။
Microsoft ဟာ Windows စနစ်သုံး မိုဘိုင်းဖုန်းတွေ အောင်မြင်မှု မရခဲ့တာကြောင့် Apple နဲ့ Google တို့ရဲ့ OS စနစ်တွေ ကြီးစိုးနေတဲ့ စမတ်ဖုန်းဈေးကွက်ကနေ အရှုံးပေးထွက်ခွာခဲ့တာ ၂ နှစ်ကျော် ကြာမြင့်ခဲ့ပါပြီ။ ယခု Surface Duo Android စမတ်ဖုန်းက ဖုန်းဈေးကွက်ကို ပြန်လည်ဝင်ရောက်မယ့် Microsoft ရဲ့ ပထမဆုံးခြေလှမ်းလို့ ခေါ်ဆိုနိုင်ပါတယ်။
Ref: GSM Arena, The Verge, Cnet
You may also like these stories:
နောက်ဆုံးပေါ် Intel ပရိုဆက်ဆာတွေ အသုံးပြုထားတဲ့ Surface Book 2 မော်ဒယ်အသစ် မိတ်ဆက်
Screen နှစ်ခုပါ Laptop တွေအတွက် Windows Lite ကို ဖန်တီးလျက်ရှိ
စခရင်ပတ်လည်အုပ်ဒီဇိုင်းနဲ့ ထွက်ရှိလာတဲ့ Xiaomi Mi MIX Alpha
၁၆ လက်မ ဘောင်မဲ့ မျက်နှာပြင် ပါဝင်တဲ့ Honor MagicBook Pro ထွက်ရှိ