ဗီယက်နမ်အခြေစိုက် Vingroup လုပ်ငန်းစုရဲ့ လက်အောက်ခံ ကုမ္ပဏီတခုဖြစ်တဲ့ Vinsmart ဟာ 5G စမတ်ဖုန်းတွေ စတင်ထုတ်လုပ်ဖို့အတွက် Fujisu၊ Qualcomm ကုမ္ပဏီတို့နဲ့ ပူးပေါင်းလုပ်ဆောင်သွားရန် သဘောတူညီမှု ရရှိခဲ့ကြောင်း ထုတ်ပြန်ကြေညာလိုက်ပါတယ်။
အမေရိကန်အခြေစိုက် Qualcomm ရဲ့ Snapdragon 5G အစိတ်အပိုင်းတွေ အပြင် Fujitsu ရဲ့ အဆင့်မြင့် နည်းပညာအချို့ကို Vinsmart ရဲ့ ပထမဆုံး 5G ဖုန်းတွေမှာ ထည့်သွင်းအသုံးပြုသွားမှာ ဖြစ်ပါတယ်။ ပါဝါစီမံထိန်းချုပ်မှုစနစ်၊ IP68 ရေစိုခံနိုင်စွမ်း စတဲ့ လုပ်ဆောင်ချက်တွေအပြင် 4G နဲ့ 5G လိုင်းနှစ်ခုလုံးကို ဖမ်းယူနိုင်တဲ့ အရည်အသွေးမြင့် အင်တာနာစနစ်တွေ ပါဝင်လာမှာပါ။
အဆိုပါ 5G စမတ်ဖုန်းတွေကို ဗီယက်နမ်နိုင်ငံမှာပဲ အစအဆုံး တပ်ဆင်ထုတ်လုပ်သွားမှာ ဖြစ်ပြီး၊ အမေရိကန်နဲ့ ဥရောပဈေးကွက်တွေမှာ ၂၀၂၀ ခုနှစ်၊ ဧပြီလအတွင်း ရောင်းချနိုင်ဖို့ မျှော်မှန်းထားပါတယ်။ ခန့်မှန်းထားချိန်အတိုင်း ထုတ်နိုင်မယ်ဆိုရင် Vinsmart ဟာ ကမ္ဘာပေါ်မှာ 5G ဖုန်း အစောဆုံး ထုတ်လုပ်ရောင်းချနိုင်တဲ့ ကုမ္ပဏီတခုအဖြစ် မှတ်တမ်းဝင်သွားမှာပါ။
“Fujitsu နဲ့ Qualcomm လို ကမ္ဘာ့ထိပ်တန်းနည်းပညာကုမ္ပဏီကြီးတွေနဲ့ အခုလို လက်တွဲလိုက်တာဟာ စမတ်ဖုန်းနဲ့ အခြားစမတ်ပစ္စည်းတွေ ထုတ်လုပ်ရောင်းချမယ့် ကျနော်တို့ စီမံကိန်းရဲ့ တစိတ်တပိုင်း ဖြစ်ပါတယ်။ Vingroup အနေနဲ့ သုံးစွဲသူတွေကို လုံခြုံမှုမြင့်မားသလို ခေတ်မီနည်းပညာတွေ ပါဝင်တဲ့ အရည်အသွေးမြင့် ထုတ်ကုန်ပစ္စည်းတွေ ထုတ်လုပ်ပေးသွားမှာ ဖြစ်ပါတယ်” လို့ Vingroup ရဲ့ Vice President နှင့် General Director ဖြစ်သူ Mr. Nguyen Viet Quang က ပြောကြားခဲ့ပါတယ်။
အခုလို Fujitsu နဲ့ လက်တွဲလုပ်ဆောင်ရန် သဘောတူညီမှု ရရှိခဲ့တာကြောင့် VinSmart ရဲ့ ထုတ်လုပ်ဖြန့်ဖြူးရောင်းချရေး လုပ်ငန်းစဉ် (Supply Chain) လည်း ပိုမိုတိုးတက်လာမှာ ဖြစ်ပါတယ်။
ကုမ္ပဏီအနေနဲ့ အရည်အသွေးမြင့် စမတ်ပစ္စည်းတွေကို ကိုယ်တိုင် ထုတ်လုပ်ရောင်းချနိုင်ဖို့အတွက်လည်း များစွာ အထောက်အကူပြုမှာပါ။ ဗီယက်နမ်ဈေးကွက်အပြင် အခြားကမ္ဘာ့နိုင်ငံအသီးသီးက အသုံးပြုသူများရဲ့ လူနေမှုဘဝတွေကို ပိုမိုမြင့်မားလွယ်ကူအောင် စွမ်းဆောင်ပေးနိုင်ဖို့ ရည်ရွယ်ထားတယ်လို့ ကုမ္ပဏီက သတင်းထုတ်ပြန်ခဲ့ပါတယ်။
Vinsmart ဟာ မိုဘိုင်းဖုန်းဈေးကွက်ကို ၂၀၁၈ ခုနှစ်၊ ဇွန်လကမှ စတင်ဝင်ရောက်လာတာ ဖြစ်ပေမယ့် အချိန်တိုအတွင်း ကမ္ဘာ့ဈေးကွက်အထိ ထိုးဖောက်ဝင်ရောက်နိုင်ခဲ့တာ တွေ့ရပါတယ်။ မြန်မာနိုင်ငံနဲ့ စပိန်နိုင်ငံတို့ကိုလည်း ၂၀၁၉ နှစ်ဆန်းပိုင်းမှာ စမတ်ဖုန်းမော်ဒယ် ၄ မျိုးနဲ့ စတင် ဝင်ရောက်ခဲ့ပြီး ဖြစ်ပါတယ်။ ယခုနှစ်အတွင်း အခြား စမတ်ပစ္စည်းမျိုးစုံ အပါအဝင် နောက်ထပ် ဖုန်းမော်ဒယ် ၁၀ မျိုးကို ထပ်မံရောင်းချဖို့လည်း စီစဉ်ထားတယ်လို့ သိရပါတယ်။
Ref: Vinsmart, Kr-Asia