အောက်တိုဘာလ ၂ ရက်နေ့ညက အမေရိကန်နိုင်ငံ၊ နယူးယောက်မြို့မှာ ကျင်းပ ပြုလုပ်ခဲ့တဲ့ ကုန်ပစ္စည်းသစ် မိတ်ဆက်ပွဲမှာ Microsoft က အမိုက်စား Surface ထုတ်ကုန်သစ်များစွာ မိတ်ဆက်ခဲ့ပါတယ်။
အဲဒီထဲမှာ လွန်ခဲ့တဲ့ ဆယ်စုနှစ် ၂ စုလောက်ကတည်းက သတင်းပြေးနေခဲ့တဲ့ စခရင်နှစ်ခုပါ “Courier” တက်ဘလက်လည်း အပါအဝင်ပါ။ Surface Neo ဆိုတဲ့ နာမည်နဲ့ ယခု တရားဝင်မိတ်ဆက်ပေးလိုက်တာ ဖြစ်ပါတယ်။
Microsoft Surface Neo မှာ ၉ လက်မအရွယ် Touchscreen နှစ်ခု ပါဝင်ပြီး၊ အလယ်ကနေ ၃၆၀ ဒီဂရီ လှည့်နိုင်တဲ့ အဆက်တခုနဲ့ ချိတ်ဆက်ပေးထားပါတယ်။ လက်ရှိ ခေတ်စားနေတဲ့ ဖုန်းတွေလိုတော့ မျက်နှာပြင်ဘေးဘောင်ပျောက် မဟုတ်သေးပါဘူး။ လေးဖက်လေးတန်မှာ ဘေးဘောင်တွေ သိသိသာသာ တွေ့မြင်ရမှာပါ။
တဖက်ချင်းစီက ၅ ဒဿမ ၆ မီလီမီတာအထူ ရှိတာကြောင့် နှစ်ခု ထပ်ပိတ်ထားရင် ၁၁ ဒဿမ ၂ မီလီမီတာအထိ ထူပါတယ်။ ဒါပေမယ့် Surface Neo မှာ အသုံးပြုထားတဲ့ LCD ဟာ လက်ရှိထုတ်ထားသမျှ LCD တွေထဲမှာ အပါးဆုံး ဖြစ်တယ်လို့ Microsoft ရဲ့ ထုတ်ကုန်အရာရှိချုပ် Panos Pany က ဆိုပါတယ်။ အလွယ်တကူ ပွန်းပဲ့မှု မဖြစ်အောင်လို့ စခရင်အပေါ်မှာ Gorilla Glass အုပ်ပေးထားပါတယ်။
Microsoft ဟာ Surface Neo ကို ယခုချက်ချင်း ထုတ်လုပ်ရောင်းချသွားမှာ မဟုတ်ပါဘူး။ နောက်တနှစ်လောက်နေမှ ဈေးကွက်ထဲ သွင်းဖို့ ရှိပါတယ်။ Intel Lakefield Processor ၊ “11th Gen” Graphics၊ စခရင်နှစ်ခုပါ ပစ္စည်းတွေအတွက် အထူးဒီဇိုင်းထုတ်ထားတဲ့ Windows 10X စနစ်တွေနဲ့ ထွက်ရှိလာမှာပါ။
Surface Neo ရဲ့ စခရင်နှစ်ခုဒီဇိုင်းကို အကောင်းဆုံး အသုံးချနိုင်မယ့် ပရိုဂရမ်တွေကိုလည်း Developers တွေနဲ့ ပူးပေါင်းဖန်တီးသွားမှာဖြစ်ကြောင်း Microsoft က ပြောကြားထားပါတယ်။
Surface Neo မှာ ပိုမိုပါးလျတဲ့ Surface Pen အသစ် အပြင် တက်ဘလက်ရဲ့ ကျောဘက်မှာ သံလိုက်အားနဲ့ ကပ်ထားနိုင်တဲ့ သီးသန့် ကီးဘုတ်ကာဗာတခုလည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ စာရိုက်ချင်တဲ့အခါ ကီးဘုတ်ကို စခရင်တခုပေါ် လှန်တင်လိုက်ရုံနဲ့ အလွယ်တကူ စာရိုက်နိုင်မှာပါ။ ကီးဘုတ်အပေါ်က စခရင်နေရာအလွတ်ကို Touchpad အဖြစ် အသုံးပြုနိုင်သလို၊ Emoji လို Shortcut တွေလည်း ထားသုံးနိုင်တယ်လို့ သိရပါတယ်။
Ref: GSM Arena, Gizmochina