Samsung ကုမ္ပဏီဟာ တရုတ်နိုင်ငံ၊ ဟွေ့ကျိုးပြည်နယ်မှာ ရှိတဲ့ ဖုန်းစက်ရုံကို ပိတ်သိမ်းလိုက်ပြီ ဖြစ်ကြောင်း အောက်တိုဘာလ ၂ ရက်နေ့က ထုတ်ပြန် ကြေညာခဲ့ပါတယ်။ အဆိုပါစက်ရုံဟာ တရုတ်နိုင်ငံမှာ နောက်ဆုံးကျန်ရှိတဲ့ Samsung ဖုန်းစက်ရုံ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့လ အနည်းငယ်က ထုတ်လုပ်မှု စတင်လျော့ချခဲ့ပြီး၊ ယခုလမှာ အပြီးတိုင် ပိတ်သိမ်းလိုက်တာပါ။
ဟွေ့ကျိုးပြည်နယ်က Samsung ဖုန်းစက်ရုံဟာ ၂၀၁၇ ခုနှစ်မှာ ဖုန်းအလုံးရေ ၆၄ သန်းနဲ့ ၂၀၁၁ မှာ ဖုန်းအလုံးရေ သန်း ၇၀ အထိ ထုတ်လုပ်ပေးနိုင်ခဲ့တဲ့ စက်ရုံကြီးတရုံ ဖြစ်ပါတယ်။ ဒါပေမယ့် တရုတ်နိုင်ငံမှာ ပြည်တွင်း ဖုန်းကုမ္ပဏီတွေနဲ့ တနေ့တခြား ပြိုင်ဆိုင်မှု ပိုမို ပြင်းထန်လာသလို၊ အလုပ်သမားစရိတ်တွေလည်း တက်လာတာကြောင့် အခုလို ပိတ်သိမ်းလိုက်ရတာ ဖြစ်ပါတယ်။ တိန်အန်ကျင်းမှာရှိတဲ့ Samsung ဖုန်းစက်ရုံ တရုံကိုလည်း ပြီးခဲ့တဲ့နှစ်က ပိတ်သိမ်းထားပြီး ဖြစ်ပါတယ်။
Samsung အနေနဲ့ တရုတ်နိုင်ငံမှာ ဖုန်းထုတ်လုပ်မှု ရပ်ဆိုင်းလိုက်ပေမယ့် ကမ္ဘာ့အကြီးဆုံး ဖုန်းဈေးကွက်ဖြစ်တဲ့ တရုတ်နိုင်ငံကနေ ထွက်ခွာသွားမှာ မဟုတ်ပါဘူး။ အရင်အတိုင်း ဖုန်းတွေ ဆက်လက် ရောင်းချပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် Samsung ဟာ အရင်က တရုတ်မှာ ဈေးကွက်ဝေစု ၁၅ ရာခိုင်နှုန်းအထိ သိမ်းပိုက်နိုင်ခဲ့ပေမယ့် လက်ရှိမှာတော့ ဈေးကွက်ဝေစု ၁ ရာခိုင်နှုန်းခန့်ပဲ ရှိပါတော့တယ်။
တရုတ်နိုင်ငံမှာ အလုပ်သမားစရိတ် တက်နေတာကြောင့် Samsung အပါအဝင် ပြည်ပ ဖုန်းကုမ္ပဏီတော်တော်များများဟာ တရုတ်ဈေးကွက်ကနေ စတင်ထွက်ခွာနေပြီ ဖြစ်ပါတယ်။ ဘေဂျင်းမြို့မှာ ရှိတဲ့ Sony ဖုန်းစက်ရုံ တရုံကိုလည်း ယခုနှစ်အစောပိုင်းမှာ ပိတ်သိမ်းခဲ့ပါတယ်။
Samsung ဟာ ဖုန်းထုတ်လုပ်မှု လုပ်ငန်းတွေကို အလုပ်သမားစရိတ် ပိုမိုသက်သာတဲ့ အိန္ဒိယနဲ့ ဗီယက်နမ်နိုင်ငံတွေကို ရွှေ့ပြောင်းထားပြီး ဖြစ်ပါတယ်။ ယခုအချိန်မှာ ကမ္ဘာ့ဈေးကွက်အတွက် Samsung ဖုန်းအများစုကို ဗီယက်နမ်ကနေပဲ အဓိက ထုတ်ပေးလျက် ရှိကာ ဗီယက်နမ်နိုင်ငံသား ၂ သိန်းခန့်ကိုလည်း အလုပ်အကိုင် ပေးထားနိုင်ပါတယ်။
Ref: Nikkei Asian Review, GSM Arena