IT

Uber ရဟတ်ယာဉ်တက္ကစီ ဝန်ဆောင်မှုကို နယူးယောက်တွင် စတင် အသုံးပြုနိုင်ပြီ

Want create site? Find Free WordPress Themes and plugins.

Uber ရဲ့ ရဟတ်ယာဉ်တက္ကစီ ဝန်ဆောင်မှု “Uber Copter” ကို နယူးယောက်မြို့မှာ စတင် အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ အမေရိကန်အခြေစိုက် အငှားယာဉ်ကုမ္ပဏီ Uber ဟာ အဆိုပါဝန်ဆောင်မှုကို နယူးယောက်မှာ ယခုနှစ်အစောပိုင်းကတည်းက စမ်းသပ်နေတာ ဖြစ်ပါတယ်။ မူလစမ်းသပ်စဉ်က ပရီမီယမ် မန်ဘာဝင်အချို့ပဲ အသုံးပြုခွင့် ရခဲ့ပြီး၊ ယနေ့မှာတော့ Uber အကောင့်ရှိသူတိုင်း အသုံးပြုနိုင်ပါပြီ။

မတ်ဟတ်တန်ကနေ ဂျွန်အက်ဖ်ကနေဒီ (JFK) လေဆိပ်သို့ ပျံသန်းပြေးဆွဲမယ့် “Uber Copter” ဝန်ဆောင်မှုမှာ တဦးကို အနည်းဆုံး ဒေါ်လာ ၂၀၀ လောက် ကျသင့်မှာ ဖြစ်ပါတယ်။ ရဟတ်ယာဉ်တစီးကို လူ ၅ ဦး လိုက်ပါနိုင်ပြီး၊ လက်ဆွဲအိတ်တွေနဲ့ ခရီးဆောင်အိတ်တွေလည်း တပါတည်း သယ်ဆောင်နိုင်ပါတယ်။ ယခုဝန်ဆောင်မှုအတွက် သီးသန့် App မလိုဘဲ လက်ရှိထုတ်ပေးထားတဲ့ Uber App ကနေပဲ ခေါ်စီးနိုင်မှာပါ။

ရဟတ်ယာဉ် တက္ကစီဝန်ဆောင်မှု ဆိုပေမယ့် ပုံမှန် Uber ကားတွေလိုတော့ အိမ်တိုင်ရာရောက် ရဟတ်ယာဉ်နဲ့ လာကြိုမှာ မဟုတ်ပါဘူး။ မက်ဟန်တန် အနိမ့်ပိုင်းအရပ်က ရဟတ်ယာဉ်ကွင်းရှိရာဆီ Uber ကား တဆင့်စီးပြီးမှ၊ နောက်ထပ် ၈ မိနစ်ကြာ ရဟတ်ယာဉ် ထပ်စီးရမှာပါ။

အဲဒီနောက် လေဆိပ်ဝင်ပေါက် အဆောက်အဦရှေ့အရောက် Uber ကားတစီးနဲ့ ထပ်မံ ပို့ဆောင်ပေးမှာ ဖြစ်ပါတယ်။ Uber Copter ဝန်ဆောင်ခထဲမှာ Uber ကားခတွေလည်း ပါဝင်ပြီးသား ဖြစ်တယ်လို့ သိရပါတယ်။ တနင်္လာနေ့ကနေ သောကြာနေ့အတွင်း နေ့လယ် ကားပိတ်ချိန်မှာပဲ Uber Copter ငှားစီးနိုင်မှာ ဖြစ်ပါတယ်။

“ဒီဝန်ဆောင်မှုက အနာဂတ် Uber Air ကွန်ရက် ဖြစ်လာဖို့ အတွက် ကျနော်တို့ရဲ့ ပထမဆုံး ခြေလှမ်းတရပ် ဖြစ်ပါတယ်” လို့ Uber Elevate ဌာနဦးစီးမှုးဖြစ်သူ Eric Allision က ပြောပါတယ်။

ကုမ္ပဏီကတော့ Uber Copter ဝန်ဆောင်မှုဟာ အချိန်ကုန်သက်သာစေဖို့ အဓိကရည်ရွယ်ထားတဲ့ ဝန်ဆောင်မှုဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့် Reuters သတင်းဌာနက စမ်းသပ်စီးနင်းကြည့်ရာမှာ  မြေအောက်မီးရထားနဲ့ Uber ကားနှစ်ခေါက် စီးချိန် အပါအဝင် စုစုပေါင်း မိနစ် ၇၀ လောက် ကြာတယ်လို့ သိရပါတယ်။ မက်ဟတ်တန်မြို့လယ်ခေါင်ကနေ JFK လေဆိပ်ကို ပုံမှန် တက္ကစီ ငှားစီးသွားရင်လည်း Uber Copter လောက်ပဲ ကြာတယ်လို့ ဆိုပါတယ်။

Uber ကတော့ ယခုဝန်ဆောင်မှုကို ရဟတ်ယာဉ်ကွင်းရှိရာ မက်ဟန်တန်အောက်ပိုင်း (Lower Manhanttan) အနီးတဝိုက် နေထိုင်သူတွေပဲ အသုံးပြုနိုင်မှာ ဖြစ်တာကြောင့် Reuters ရဲ့ ရေးသားချက်က အထင်အမြင် မှားစေနိုင်ကြောင်း ပြန်လည်ဖြေရှင်းထားပါတယ်။ ဒါကြောင့် မက်ဟန်တန် အခြားအရပ်မှာ နေထိုင်သူတွေအနေနဲ့ Uber Copter စီးလည်း အချိန်ကုန်သက်သာဖွယ် မရှိပါဘူး။

ဒါ့အပြင် Uber Copter ကို လောလောဆယ် မက်ဟန်တန်-JFK လမ်းကြောင်းတခုပဲ ငှားစီးနိုင်မှာပါ။ လာမယ့် ၂၀၂၃ ခုနှစ်ထဲမှာတော့ နောက်ထပ် Uber Elevate လေကြောင်းခရီးစဉ်တွေ ထပ်မံတိုးချဲ့ပေးသွားဖို့ ရှိတယ်လို့ ကုမ္ပဏီက ဆိုပါတယ်။

Ref: The Verge, DailyMail, Cnet

You may also like these stories:

Grab ရဲ့ “Grab for Good” အစီအစဉ်နဲ့ မသန်စွမ်းသူများအတွက် အကူညီပေးမယ့် စီမံချက်

၂၀၂၄ အိုလံပစ်ပွဲတော်မှာ ပါရီမြို့ထဲ မိုးပျံတက္ကစီ ပြေးဆွဲရန် စီစဉ်ထား

Domino’s က မောင်းသူမဲ့ကားတွေနဲ့ ပီဇာ လိုက်ပို့ပေးမည်

အစားအသောက်တွေကို ဒရုန်းနဲ့ လိုက်ပို့ပေးတော့မှာ ဖြစ်ကြောင်း Uber ပြောကြား

ရေငုပ်သင်္ဘော ငှားစီးနိုင်တဲ့ ‘scUber’ ဝန်ဆောင်မှုကို Uber မိတ်ဆက်

Did you find apk for android? You can find new Free Android Games and apps.
Loading