Sony ရဲ့ မော်ဒယ်လတ်ဖုန်းအသစ် “Xperia 8” ကို ဂျပန်နိုင်ငံမှာ ယနေ့ တရားဝင် မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ MWC 2019 ပွဲတုန်းက ပြသခဲ့တဲ့ Xperia 10 နဲ့ ဒီဇိုင်းပုံစံချင်း တော်တော်တူညီတာ တွေ့ရပါတယ်။ စွမ်းဆောင်ရည်အားဖြင့်တော့ Xperia 10 ထက် အနည်းငယ်နိမ့်သွားမှာပါ။
အခုနောက်ပိုင်း Sony သုံးနေကျ 21:9 အချိုးအစားရှိ ရှည်လျားတဲ့ မျက်နှာပြင်ဒီဇိုင်းကို Xperia 8 ဖုန်းမှာ ဆက်လက် အသုံးပြုထားတာ တွေ့ရပါတယ်။
မော်ဒယ်လတ်ဖုန်း ဖြစ်တာကြောင့် မော်ဒယ်မြင့် Xperia ဖုန်းတွေလိုတော့ AMOLED မျက်နှာပြင်နဲ့ မဟုတ်ပါဘူး။ ၆ လက်မအရွယ် FHD+ IPS LCD နဲ့ ဖြစ်ပါတယ်။ ရှေ့နဲ့ နောက် နှစ်ဖက်စလုံးကို Gorilla Glass 6 အကြမ်းခံမှန်သား အုပ်ပေးထားမှာပါ။ 21:9 မျက်နှာပြင်အချိုးအစားကြောင့် ဖုန်းကိုယ်ထည် အတော်လေးရှည်လျားသွားပေမယ့်၊ လက်တဖက်တည်း သေချာဆုပ်ကိုင် အသုံးပြုနိုင်ကြောင်း Sony က ပြောကြားထားပါတယ်။
Xperia 8 မှာ လက်ဗွေရာဆန်ဆာကို ဘေးဘက် ပါဝါခလုတ်မှာပဲ ပူးတွဲထည့်ပေးထားတာ တွေ့ရပါတယ်။ အရင် Xpera 1 နဲ့ 5 တွေမှာ သုံးခဲ့တဲ့ Side Sense ဆန်ဆာလည်း ပြန်လည် ပါဝင်လာပါတယ်။ ဖုန်းရဲ့ မျက်နှာပြင်ဘေးအစွန်းကို နှိပ်လိုက်ရင် သုံးနေကျ Apps တွေနဲ့ Settings တွေ ပေါ်လာမှာပါ။ စွမ်းဆောင်ရည်သင့် Snapdragon 630 Chipset၊ 4GB RAM နဲ့ 64GB Storage မော်ဒယ်တမျိုးတည်း ထုတ်သွားမှာပါ။ microSD ကတ်လည်း ထပ်စိုက်နိုင်မှာ ဖြစ်ပါတယ်။
ဖုန်းရဲ့ ကျောဘက်မှာ LED ဖလက်ရှ် မီးတလုံးနဲ့အတူ 12MP (f/1.8) အဓိကကင်မရာနဲ့ 8MP (f/2.4) မြင်ကွင်းကျယ်ကင်မရာ ၂ လုံးတွဲ ထည့်သွင်းပေးထားပါတယ်။ 4K ဗီဒီယိုတွေကို EIS စနစ်နဲ့ တုန်ခါမှု မရှိ ရိုက်ကူးနိုင်မှာပါ။ အနှေးပြကွက် ဗီဒီယိုတွေကို အမြင့်ဆုံး 120fps အထိ ရိုက်ကူးနိုင်ပါတယ်။ ရှေ့ဘက်ကင်မရာကတော့ (f/2.0), 8MP တလုံးတည်းပါ။
Xperia 8 ဟာ Sony ဖုန်းအများစုလိုပဲ ရေစိုခံနိုင်တဲ့ ဖုန်းတလုံး ဖြစ်ပါတယ်။ ရေနဲ့ ဖုန်မှုန့်စိမ့်ဝင်မှု ကာကွယ်နိုင်စွမ်း IP65/68 အဆင့်သတ်မှတ်ချက် ရရှိထားပါတယ်။ 0.5mm နားကြပ်ပေါက်၊ LDAC NFC၊ Bluetooth 5.0၊ USB Type-C၊ Hi-Res Audio စနစ် စသဖြင့် ခေတ်မီလုပ်ဆောင်ချက်တွေလည်း အစုံအလင် ပါဝင်မှာပါ။ 2,760mAh ဘက်ထရီက 18W အားအမြန်သွင်းစနစ်လည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ဖုန်းကို ၂ နှစ်ကျော် သုံးပြီးသည့်တိုင် ဘက်ထရီ ချို့ယွင်းမှု ကြုံရမှာ မဟုတ်ဘူးလို့ ကတိပေးထားပါတယ်။
Sony Xperia 8 စမတ်ဖုန်းကို အဖြူ၊ အနက်၊ လိမ္မော်နဲ့ အပြာ စတဲ့ အရောင် ၄ ရောင် ထုတ်လုပ်ရောင်းချသွားမှာပါ။ ဈေးနှုန်းကတော့ ဂျပန်ယန်းငွေ ၅၄,၀၀၀ (အမေရိကန်ဒေါ်လာ ၅၀၅ ဒေါ်လာခန့်) ရှိပါတယ်။ အောက်တိုဘာလအတွင်း ဂျပန်ပြည်တွင်း စတင်ရောင်းချသွားမယ်လို့ သိရပါတယ်။ နိုင်ငံတကာဈေးကွက်ကို ဝင်ဖို့ ရှိ၊ မရှိတော့ မကြေညာရသေးပါဘူး။
Ref: Gizmochina, Phone Arena
You may also like these story:
ရှည်လျားတဲ့ OLED စခရင် ပါဝင်တဲ့ Sony Xperia 5 စမတ်ဖုန်းကို ပွဲထုတ်