အမှိုက်ပစ်ရမှာ အမြဲမေ့နေတတ်သူတွေအတွက် အလိုအလျောက် အမှိုက်သွားပစ်ပေးမယ့် “စမတ်အမှိုက်ပုံး” တမျိုး ထွက်ပေါ်လာပါပြီ။ လူကိုယ်တိုင် ကိုယ်ကျ တွန်းသွားစရာ မလိုဘဲ အမှိုက်သိမ်းတဲ့ နေရာအထိ အလိုအလျောက် သွားလာနိုင်တဲ့ “မောင်းသူမဲ့ ဘီးတပ်အမှိုက်ပုံး” တခုပါ။
အိမ်သုံးစမတ်ပစ္စည်းမျိုးစုံ ထုတ်လုပ်ရောင်းချလျက်ရှိတဲ့ Rezzi ကုမ္ပဏီရဲ့ ဖန်တီးမှုလက်ရာ ဖြစ်ပြီး “SmartCan” လို့ နာမည်ပေးထားပါတယ်။
SmartCan မှာ လက်ရှိ ခေတ်စားနေတဲ့ မောင်းသူမဲ့နည်းပညာ (Autonomous Technology) နဲ့ Artificial Intelligence (ဉာဏ်ရည်တုနည်းပညာ) တွေကို အသုံးချထားတယ်လို့ တီထွင်သူ Andrew Murray က ဆိုပါတယ်။ မော်တော်ကားတွေမှာတောင် မတွင်ကျယ်သေးတဲ့ မောင်းသူမဲ့နည်းပညာကို အမှိုက်ပုံးမှာ ဆန်းသစ်တီထွင် အသုံးချထားတာပါ။
အမှိုက်သိမ်းတဲ့ရက် ရောက်တာနဲ့ လူသား အကူအညီ မလိုဘဲ သတ်မှတ်နေရာအရောက် အလိုအလျောက် သွားစောင့်နေဖို့ SmartCan ကို ပရိုဂရမ် ပေးထားနိုင်ပါတယ်။ ပိုင်ရှင်အနေနဲ့ တွဲဖက်အသုံးပြုရတဲ့ App ကနေတဆင့် အချိန်နဲ့ နေရာ ကြိုတင်သတ်မှတ်ပေးထားဖို့ပဲ လိုမှာပါ။ အမှိုက်သိမ်းချိန်ရောက်တာနဲ့ စမတ်အမှိုက်ပုံးက အိမ်ကနေ သတ်မှတ်နေရာအထိ အလိုအလျောက် ထွက်ခွာသွားမှာ ဖြစ်ပါတယ်။
အမှိုက်သိမ်းပြီးသွားတာနဲ့ အိမ်ကို အလိုအလျောက်ပြန်လာမှာပါ။ အကယ်၍ အမှိုက်ပုံး လမ်းပျောက်နေတယ်ဆိုရင် ပိုင်ရှင်ကိုယ်တိုင် App ကနေတဆင့် လမ်းကြောင်း သတ်မှတ်ပြင်ဆင်ပေးနိုင်ပါတယ်။
Rezzi ကုမ္ပဏီရဲ့ CEO လည်း ဖြစ်တဲ့ Andrew Murray က ယခု တီထွင်မှုအပေါ် မျှော်လင့်ချက်ကြီးစွာ ထားရှိထားကြောင်း ပြောကြားခဲ့ပါတယ်။ နောင်တချိန်မှာ လူသားတွေအနေနဲ့ အမှိုက်သိမ်းတဲ့ ရက်ကို တကူးတက မှတ်ထားစရာ လိုမှာ မဟုတ်တော့ကြောင်း သူက ခန့်မှန်းထားပါတယ်။
“IoT (အင်တာနက်အသုံးပြုပစ္စည်း) တွေကို မီးနဲ့ သီချင်း အဖွင့်အပိတ်လောက်ပဲ လုပ်နေရာကနေ လူတိုင်း ရင်ဆိုင်နေရတဲ့ ဝန်ထုပ်ဝန်ပိုးတွေကို လက်တွေ့ကျကျ ကူညီထမ်းဆောင်ပေးနိုင်တဲ့ အဆင့်ထိ ဆွဲခေါ်နိုင်မယ့် အခွင့်အရေးတခုကို ကျနော်တို့ တွေ့ရှိထားပါတယ်”
“အခုလို အဆင့်မြင့် စမတ်အမှိုက်ပုံးတွေကို နေရာတိုင်းမှာ အသုံးပြုဖို့တော့ အဆင်ပြေမှာ မဟုတ်ပါဘူး။ လူဦးရေ သိပ်မထူထပ်တဲ့နေရာတွေမှာပဲ အမှန်တကယ် အသုံးချနိုင်မှာပါ။ ခြေလျင်သွားလာသူ များပြီး၊ လမ်းကြောင်းတလျှောက် အတားအဆီးများတဲ့ နေရာတွေမှာတော့ အမှိုက်ပုံးကို ထိခိုက်ပျက်စီးမှုတွေ ရှိလာနိုင်ပါတယ်”လို့ Rezzi ကုမ္ပဏီရဲ့ CEO ဖြစ်သူ Andrew Murray က ပြောပါတယ်။
Rezzi ကုမ္ပဏီကတော့ ယခု စမတ်အမှိုက်ပုံးတွေကို လာမယ့်နှစ် နှောင်းပိုင်းလောက် ဈေးကွက်တင်သွင်းသွားဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။ ဈေးနှုန်းကိုတော့ ထုတ်ပြန် ကြေညာထားခြင်း မရှိသေးပါဘူး။
Ref: DailyMail, Consumer Affairs
You may also like these stories:
အလိုအလျောက် မောင်းနှင်နိုင်တဲ့ Pod ယာဉ်တွေကို ဘရစ်စတို လေဆိပ်မှာ စမ်းသပ်
စမတ်ဖုန်းအတွင်း ထားဖို့ မသင့်တော်တဲ့ အန္တရာယ်ရှိ Application များ
Google Pay ကို ယှဉ်ပြိုင်မယ့် OnePlus Pay မိုဘိုင်းငွေပေးချေမှုစနစ်ကို မိတ်ဆက်
စခရင်ပတ်လည်အုပ်ဒီဇိုင်းနဲ့ ထွက်ရှိလာတဲ့ Xiaomi Mi MIX Alpha