တရုတ်စမတ်ဖုန်းကုမ္ပဏီ Xiaomi ရဲ့ တန်ဖိုးနည်းဖုန်း မော်ဒယ်အသစ် “Redmi 8” ထွက်ရှိလာပါပြီ။ လွန်ခဲ့တဲ့ နှစ်ပတ်ကတင် မိတ်ဆက်ပေးခဲ့တဲ့ “Redmi 8A” ရဲ့ မျိုးဆက်သစ် မော်ဒယ်ဖြစ်ပြီး၊ ဒီဇိုင်းအရည်အသွေးပိုင်း ပိုမိုကောင်းမွန်လာတာ တွေ့ရပါတယ်။
တန်ဖိုးနည်းဖုန်းဖြစ်ပေမယ့် Redmi 8 ရဲ့ ကျောဘက်ကိုယ်ထည်ကို ဖန်သားနဲ့ ပြုလုပ်ပေးထားပါတယ်။ ဒါ့အပြင် Xiaom ရဲ့ Aura Mirror ဒီဇိုင်းအသစ်နဲ့ ဖြစ်တာကြောင့် တန်ဖိုးကြီးဖုန်းတလုံးအလား ထင်မှတ်မှားစရာပါ။ အရင် Redmi 8A ထက် ကျောဘက်ကင်မရာ တလုံး ပိုလာပြီး၊၊ RAM နဲ့ Storage မော်ဒယ်တွေလည်း ပိုများလာပါတယ်။
Redmi 8 မှာ ကြီးမားတဲ့ ၆.၂၂ လက်မ အရွယ် HD+ IPS LCD စခရင်ကို အသုံးပြုပေးထားပြီး၊ ရေစက်ပုံစံ Notch ဒီဇိုင်းနဲ့ပဲ ဖြစ်ပါတယ်။ Notch အတွင်းမှာတော့ f/2.0 Aperture ရှိတဲ့ 8MP ကင်မရာတလုံး ပါဝင်မှာပါ။ မျက်နှာပြင်ကို Gorilla Glass 5 အကြမ်းခံမှန်သား အုပ်ပေးထားတာက တန်ဖိုးနည်းဖုန်းတလုံးအတွက် အားရစရာအချက်တခုပါ။
အလားတူ အရင်မော်ဒယ်တုန်းက ကျောကင်မရာတလုံးပဲ သုံးခဲ့ပေမယ့် အခု Redmi 8 မှာတော့ ကျောကင်မရာနှစ်လုံး တိုးပေးထားပါတယ်။ အဓိကကင်မရာက Sony ရဲ့ 12MP IMX 363 ဆန်ဆာ ဖြစ်ကာ နောက်တလုံးက 2MP Depth ဆန်ဆာပါ။ ရှုခင်း ၃၃ မျိုးအထိ ခွဲခြားသိနိုင်တဲ့ AI Scene Detection စနစ်လည်း ပါဝင်လာမှာ ဖြစ်ပါတယ်။ အရင်က မပါဝင်ခဲ့တဲ့ လက်ဗွေရာဆန်ဆာကိုလည်း ကျောကင်မရာနှစ်လုံးတွဲအောက်မှာ တွေ့မြင်ရမှာပါ။
စွမ်းဆောင်ရည်အားဖြင့်တော့ အရင်မော်ဒယ် Redmi 8A နဲ့ သိပ်မကွာပါဘူး။ Chipset ကို Redmi 8A မှာ သုံးခဲ့တဲ့ Snapdragon 439 ကိုပဲ ပြန်သုံးပေးထားပါတယ်။ ဒါပေမယ့် RAM က 4GB ဖြစ်သွားသလို၊ Storage ကိုလည်း 64GB အထိ ရမှာပါ။ microSD ကတ်ကိုလည်း 512GB အထိ ထပ်စိုက်နိုင်ပါသေးတယ်။
Redmi 8 မှာ ဘက်ထရီကို ကြီးမားတဲ့ 5,000mAh ဘက်ထရီ သုံးပေးထားသလို၊ 18W အားအမြန်သွင်းစနစ်ပါ အသုံးပြုနိုင်ဦးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် သတိပြုစရာတချက်က ဖုန်းဝယ်ရင် ဘူးထဲမှာ 10W အားသွင်းခေါင်းပဲ ပါဝင်လာမှာပါ။ 18W အပြည့်သုံးချင်ရင်တော့ နောက်ထပ် အားသွင်းခေါင်းသက်သက် ထပ်ဝယ်ရပါလိမ့်မယ်။
Wireless FM Radio စနစ် အပြင် Xiaomi ဖုန်းတွေမှာ ပါနေကြ အနီအောက်ရောင်ခြည်ဆန်ဆာ၊ 3.5mm နားကြပ်ပေါက်တို့လည်း ထုံးစံမပျက် ပါဝင်လာမှာပါ။ နောက်ထပ် သဘောကျစရာတခုက ဖုန်းကို P2i နာနိုအလွှာသုတ်ပေးထားတာ ဖြစ်ပါတယ်။ သာမန်ရေစက်ဖိတ်စင်တာလောက်တော့ မှုစရာ မလိုပါဘူး။
Xiaomi ဟာ Redmi 8 စမတ်ဖုန်းကို အပြာ၊ အနက်နဲ့ အနီ သုံးရောင် စတင်ထုတ်လုပ် ရောင်းချသွားမယ်လို့ ဆိုပါတယ်။ ဈေးနှုန်းကတော့ အနိမ့်ဆုံး 3/32GB မော်ဒယ်ကို ၁၁၂ ဒေါ်လာနဲ့ 4/64GB ကို ၁၂၆ ဒေါ်လာ ပေးရမှာပါ။ အိန္ဒိယမှာ အောက်တိုဘာ ၁၂ ရက်ကစပြီး Mi.com နဲ့ Flipkart တို့ကနေ ရောင်းချပေးသွားမယ်လို့ သိရပါတယ်။ ဒေါ်လာ ၁၀၀ စွန်းစွန်းနဲ့ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်ကို ပေးစွမ်းထားတဲ့ ဘတ်ဂျတ်စမတ်ဖုန်းတလုံး ဖြစ်ပါတယ်။
Ref: GSM Arena, XDA Developers
You may also like these stories:
Redmi ရဲ့ ပထမဆုံး လက်ပ်တော့ RedmiBook 14 ကို မိတ်ဆက်
Redmi K20 နဲ့ Redmi K20 Pro တို့ကို တရားဝင် မိတ်ဆက်
တန်ဖိုးနည်းဖုန်းအသစ် Redmi 7A ကို Xiaomi ကြေညာ