IT

၂၀၂၀ နောက်ပိုင်းထုတ် ဖုန်းအားလုံးတွင် Android 10 အသုံးပြုရန် Google ညွှန်ကြား

အသစ်ထုတ် Android ဖုန်းတွေမှာ နောက်ဆုံးပေါ် Android စနစ်ပဲ သုံးချင်သူတွေအတွက် သတင်းကောင်းတခု ထွက်ပေါ်လာပါပြီ။ လာမယ့် ၂၀၂၀၊ ဇန်နဝါရီလကုန်ကစပြီး အသစ်ထုတ်ဖုန်းတိုင်း Android 10 စနစ်ကို မဖြစ်မနေ အသုံးပြုရမှာ ဖြစ်ကြောင်း Google က ညွှန်ကြားချက် ထုတ်လိုက်တာပါ။

ဒီရက်နောက်ပိုင်း အသစ်ထုတ်မယ့် ဖုန်းတွေကို Android 9 Pie သုံးခွင့်ပေးသွားမှာ မဟုတ်ပါဘူး။ အကြောင်းအမျိုးမျိုးကြောင့် Android စနစ်သစ် ထွက်ရှိပြီး အတော်ကြာသည့်တိုင် Android အဟောင်းပဲ သုံးနေတဲ့ ကုမ္ပဏီတွေကို တိုက်ဖျက်မယ့် ခြေလှမ်းတရပ်လည်း ဖြစ်ပါတယ်။

Google ရဲ့ ယခု စည်းကမ်းချက်အသစ်ကို OEM (ဖုန်းထုတ်လုပ်သူကုမ္ပဏီ) တွေအတွက် ထုတ်ပြန်ထားတဲ့ Google မိုဘိုင်းဝန်ဆောင်မှု အသုံးပြုခွင့်ဆိုင်ရာ လမ်းညွှန်ချက် (Google Mobile Services Requirements) မှာ စတင်တွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

OEM တွေအနေနဲ့ နောက်ဆုံးပေါ် Android 10 စနစ်ကို အခြေခံထားတဲ့ OS Build တခုကို တင်ပြနိုင်မှ Google ဘက်က ဝန်ဆောင်မှု ပေးအပ်သွားမယ်လို့ ရေးသားထားပါတယ်။ မတင်ပြနိုင်ရင် ဒီဖုန်းတွေမှာ Goolge Apps နဲ့ Google Play Store အပါအဝင် Google ဝန်ဆောင်မှုတွေ တခုမှ ရမှာ မဟုတ်ပါဘူး။

ထုတ်လုပ်သူကုမ္ပဏီတွေအနေနဲ့ အသုံးပြုသူတွေကို နောက်ဆုံးပေါ် ဆော့ဖ်ဝဲကို ထောက်ပံ့ပေးစေဖို့အတွက်နဲ့ Google ဘက်က အချိန်နဲ့တပြေးညီ Updates တွေ ပေးနိုင်ဖို့အတွက် ဖြစ်တယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဖုန်းကုမ္ပဏီတွေအနေနဲ့ အသစ်ထုတ်မယ့်ဖုန်းတွေကို ဇန်နဝါရီ ၃၁ မတိုင်ခင် တင်သွင်းမယ်ဆိုရင်တော့ Android 9 Pie အဟောင်းနဲ့ ထုတ်ခွင့်ရရှိဦးမှာပါ။ အလားတူ Google အသိအမှတ်ပြု Device တွေမဟုတ်တဲ့ Amazon Kindle Fire နဲ့ တရုတ်ပြည်တွင်းသုံး ဖုန်းတွေလည်း ယခုအမိန့်မှာ အကျုံးဝင်မှာ မဟုတ်ပါဘူး။

နောက်ဆုံးသတ်မှတ်ရက် ပြည့်ဖို့ကလည်း အချိန် ၁ နှစ်ခန့် လိုသေးတာကြောင့် ဒီကြားထဲမှာ Android 9 Pie နဲ့ ဖုန်းတွေကို ဆက်လက် တွေ့မြင်နေရဦးမှာ ဖြစ်ပါတယ်။

Ref: XDA Developers, Android Authority

Loading