Windows 10 အတွက် ထုတ်ပေးထားတဲ့ Microsoft Your Phone App မှာ ဖုန်းလက်ခံပြောဆိုနိုင်တဲ့ လုပ်ဆောင်ချက်အသစ် ပါဝင်လာပြီ ဖြစ်ပါတယ်။
လက်ထဲ ဖုန်းရှိစရာမလိုဘဲ ကွန်ပျူတာကနေ ဖုန်းအဝင်၊အထွက် အားလုံးကို တိုက်ရိုက် လုပ်ဆောင်နိုင်မှာပါ။ Windows 10 Insiders အစီအစဉ် ဝင်ထားသူတွေအတွက် နောက်ဆုံးထုတ်ပေးခဲ့တဲ့ Preview Build 18999 မှာ စတင် ပါဝင်လာတာ ဖြစ်ပါတယ်။
Microsoft ဟာ Windows 10 ကို Android နဲ့ အပြန်အလှန် ချိတ်ဆက်လုပ်ဆောင်နိုင်ဖို့အတွက် ကြိုးစားလျက်ရှိပြီး၊ Your Phone App မှာ အသုံးဝင်လုပ်ဆောင်ချက်တွေ စဉ်ဆက်မပြတ် ထည့်ပေးလျက် ရှိပါတယ်။
အခုဆို Your Phone App ကနေတဆင့် Android ဖုန်းထဲက ဓာတ်ပုံတွေကို ကွန်ပျူတာကနေ တိုက်ရိုက် ယူသုံးနိုင်ပြီ ဖြစ်သလို၊ ဖုန်းက စာသားမက်ဆေ့ချ်တွေနဲ့ သတိပေးချက်တွေကိုလည်း ကွန်ပျူတာကနေ ဆင့်ပွားကြည့်လို့ ရနေပါပြီ။ ယခု အသစ်ထုတ်ပေးလိုက်တဲ့ “Calls” လုပ်ဆောင်ချက်နဲ့ ဆိုရင် ကွန်ပျူတာကို ဖုန်းတလုံးလို အပြည့်အဝ အသုံးချနိုင်တော့မှာပါ။
“Calls” လုပ်ဆောင်ချက်မှာ ကွန်ပျူတာကနေ ဖုန်းကိုင်၊ ဖုန်းချအပြင် ဖုန်းခေါ်ဆိုတွေပါ လုပ်နိုင်ပြီး၊ ဖုန်းခေါ်ထားတဲ့မှတ်တမ်းတွေကိုလည်း ကွန်ပျူတာကနေ ကြည့်နိုင်မှာ ဖြစ်ပါတယ်။ ဖုန်းပြောနေချိန်မှာတောင် ကွန်ပျူတာကို လှမ်းပြောင်းပြီး ပြောနိုင်မှာပါ။
ဒီ့အတွက် ကွန်ပျူတာမှာ ပါဝင်တဲ့ စပီကာနဲ့ မိုက်ခရိုဖုန်းတွေကို ကြည်လင်ပြတ်သားစွာ ဖုန်းပြောနိုင်ဖို့ လုပ်ပေးထားတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ပိုမိုကြီးမားတဲ့ စခရင်ကြောင့် Contact ကြည့်တာကအစ အသုံးပြုရတာလည်း ပိုမိုလွယ်ကူမှာ ဖြစ်တယ်လို့ Microsoft က ပြောကြားထားပါတယ်။
လောလောဆယ်မှာတော့ “Calls” လုပ်ဆောင်ချက်ကို Windows 10 စနစ် ဗားရှင်းတွေကို စမ်းသပ်အသုံးပြုလိုသူ Insiders တွေပဲ ရရှိဦးမှာ ဖြစ်ပါတယ်။ Windows 10 အသုံးပြုသူတိုင်းကိုတော့ ၂၀၂၀ လောက်မှ ထုတ်ပေးသွားမှာပါ။
ဒါ့အပြင် ယခုလုပ်ဆောင်ချက်ဟာ ချို့ယွင်းချက်လေးတွေ ရှိနေဆဲ ဖြစ်တယ်လို့ Microsoft က သတိပေးထားပါတယ်။ အကယ်၍ ချိတ်ဆက်မှုပြတ်တောက်တာမျိုး ကြုံခဲ့ရင် ဖုန်းနဲ့ ကွန်ပျူတာကို နောက်တခေါက် ပြန်ချိတ်ကြည့်ဖို့ အကြံပေးထားပါတယ်။
Microsoft Your Phone App ရဲ့ “Calls” လုပ်ဆောင်ချက်အသစ်ကို အသုံးပြုဖို့ အောက်ပါအချက်တွေ လိုအပ်ပါတယ်။
၁။ Android 7.0 Nougat နှင့်အထက် ဖုန်းတလုံး
၂။ Bluetooth Radio ပါရှိသည့် Windows PC
၃။ Windows 10 19H1 Build နှင့်အထက်
၄။ အနိမ့်ဆုံး Windows 10 Build 18362.356 (Windows Insisder ဝင်ထားရန် လိုအပ်)
Microsoft Your Phone App ကို Google Play Store နဲ့ Microsoft Store တို့ကနေတဆင့် အခမဲ့ Download ရယူနိုင်ပါတယ်။
Ref: The Verge, Android Central
You may also like these stories:
ဖုန်းနဲ့ Windows 10 ကွန်ပျူတာကို ချိတ်ဆက်ပြသပေးမယ့် “Your Phone” App
မိဘတွေကို စာပြန်မှ ဖုန်း Unblock ဖြုတ်လို့ရမယ့် App ကို တီထွင်လိုက်တဲ့ ဖခင်
PC အသုံးပြုနေစဉ် Updates လုပ်တာတွေ အလိုအလျောက် ပိတ်ပေးမယ့် Windows 10