Apple ထံမှ ဒေါ်လာ ၁ သန်းခန့် လိမ်ယူခဲ့သည့် တရုတ်နိုင်ငံသားကို ထောင်ဒဏ် ၃ နှစ် ချမှတ်
ယခုနှစ်အစောပိုင်းက ဖြစ်ပွားခဲ့တဲ့ အကြီးစား iPhone လိမ်လည်မှုတခုမှာ ပါဝင်ပတ်သတ်ခဲ့တဲ့ တရုတ်ကောလိပ်ကျောင်းသားတဦးကို ထောင်ဒဏ် ၃ နှစ် ကျခံစေရန် ကြာသပတေးနေ့က အမိန့်ချမှတ်လိုက်ပြီ ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံ၊ အော်ရီဂွန် ဒေသကောလိပ်တခုမှာ ကျောင်းတက်နေတဲ့ Quan Jiang အမည်ရ တရုတ်နိုင်ငံသားဟာ Apple ထံကနေ ဒေါ်လာ ၁ သန်းနီးပါး လိမ်လည်ရယူခဲ့တာပါ။ ပြစ်မှုထင်ရှားတာကြောင့် အမေရိကန်ဗဟိုအစိုးရအကျဉ်းထောင်မှာ ထောင်ဒဏ် ၃ နှစ်နဲ့ ၁ လ ကျခံရမှာ ဖြစ်ပြီး၊ ထောင်ဒဏ် ပြည့်မှ မိခင်တရုတ်နိုင်ငံကို ပြန်လည်စေလွှတ်သွားမှာ ဖြစ်ပါတယ်။
တရားရုံး စာရွက်စာတမ်းတွေအရ Quan Jiang နဲ့ လက်တွဲဖော် Yangyang Zhou တို့နှစ်ဦးဟာ တရုတ်နိုင်ငံက သွင်းလာတဲ့ iPhone အတုတွေနဲ့ Apple ကို အကွက်ကျကျ စီစဉ် လိမ်လည်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ ပါဝါဖွင့် မရတဲ့ iPhone အတုတွေကို “စက်အပျက်” တွေအဖြစ် Apple ထံ ပြန်လည် ပို့ဆောင်ပြီး အာမခံ တောင်းယူခဲ့တာပါ။
Apple ကလည်း အဆိုပါ iPhone အတုတွေကို iPhone အစစ်တွေနဲ့ ပြန်လည် အစားထိုးပေးခဲ့ပါတယ်။ Quan Jiang တို့ နှစ်ဦးသားဟာ ဒီနည်းလမ်းနဲ့ ရရှိလာတဲ့ iPhone အစစ်တွေကို မိခင်တရုတ်နိုင်ငံဆီ ပြန်လည်ပို့ဆောင်ပြီး ရောင်းချစေခဲ့တာ ဖြစ်ပါတယ်။
Quan Jiang အနေနဲ့ တရုတ်ကို iPhone အသစ်တလုံးပို့တိုင်း ဒေါ်လာ ၂၀ ကနေ ဒေါ်လာ ၃၀ ခန့် ဝေစု ရရှိပြီး၊ စုစုပေါင်း ဒေါ်လာ ၄ သောင်းလောက် ရရှိခဲ့တယ်လို့ သိရပါတယ်။ Apple ကတော့ လိမ်လည်သူနှစ်ဦးကို စုစုပေါင်း iPhone အလုံးရေ ၁၄,၉၃ ပြန်ထုတ်ပေးခဲ့မိပြီး၊ တလုံးကို ဒေါ်လာ ၆၀၀ လောက် ဆုံးရှုံးခဲ့ရကြောင်း စုံစမ်းရေး အရာရှိတွေကို ပြောကြားခဲ့ပါတယ်။
အံ့အားသင့်စရာတခုကတော့ အာမခံတောင်းတဲ့ ဖုန်းတွေကို Apple ကိုယ်တိုင် အတုမှန်း မခွဲခြားနိုင်ခဲ့တာပါ။ လိမ်လည်သူတွေအနေနဲ့လည်း ဖုန်းပြန်လဲရာမှာ မဖြစ်မနေ လိုအပ်တဲ့ အာမခံသက်တမ်း ကျန်ရှိဆဲ IMEI နံပါတ်တွေကို ဘယ်လိုရခဲ့လဲဆိုတာ သေချာ မသိရသေးပါဘူး။
Quan Jiang ဟာ ယခုလိမ်လည်မှုအတွက် ထောင်ဒဏ် ၃ နှစ် အပြင် Apple ကုမ္ပဏီကိုလည်း လျော်ကြေး ဒေါ်လာ ၂ သိန်း ပေးဆောင်ခဲ့ရပါတယ်။ အဆိုပါ လျော်ကြေးအတွက် တရုတ်နိုင်ငံမှာ ရှိတဲ့ အိမ်ကို ရောင်းပေးခဲ့ရတဲ့အပြင် လက်ရှိစီးနေတဲ့ 2015 Mercedes-Benz ကားကိုပါ ဒဏ်ကြေးအဖြစ် သိမ်းယူဖို့ အမိန့်ချမှတ်ခံထားရပါတယ်။
Ref: Foxnews, Gizmochina