ကောလာဟလတွေ ထွက်နေတဲ့ Apple ရဲ့ AirPods Pro ကြိုးမဲ့နားကြပ်အသစ် ထွက်ရှိလာပါပြီ။ နှစ်စဉ်ကျင်းပနေကျ အောက်တိုဘာပွဲမှာ မိတ်ဆက်မယ်ဆိုပြီး သတင်းပြေးခဲ့ပေမယ့် သီးသန့် ပွဲမလုပ်ဘဲ သတင်းထုတ်ပြန်ချက်နဲ့ပဲ မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။
တန်ဖိုးအနေနဲ့ အမေရိကန်ဒေါ်လာ၂၄၉ ဒေါ်လာ သတ်မှတ်ထားပြီး၊ အောက်တိုဘာ ၃၀ ရက်နေ့မှာ စတင် ရောင်းချပေးသွားမှာပါ။ အရင်လိုပဲ အဖြူရောင် တမျိုးတည်းပဲ ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။
လုံးဝ ကြိုးပျောက်နားကြပ် (True Wireless Earbuds) ဖြစ်တဲ့ AirPods Pro မှာ အဓိကလုပ်ဆောင်ချက်ကတော့ ဆူညံသံဖျောက်စနစ် ပါဝင်လာတာပါ။ ဒီစနစ်အတွက် နားကြပ်အတွင်းနဲ့ အပြင်မှာ မိုက်ခရိုဖုန်းတခုစီ ထည့်သွင်းပေးထားပါတယ်။ အပြင် မိုက်ခရိုဖုန်းက ပတ်ဝန်းကျင်ဆူညံသံကို ဖမ်းယူ၊ စစ်ထုတ်ပေးပြီး အတွင်းမိုက်ခရိုဖုန်းက နားတဖက်စီက ဆူညံသံလျော့စနစ်ကို ပြန်လည် ချိန်ညှိပေးမှာဖြစ်ပါတယ်။
Beats Solo Pro ခေါင်းတပ်နားကြပ် (Headphones) တွေမှာ အသုံးပြုထားတဲ့ ဆူညံသံဖျောက်စနစ်နဲ့ ဆင်တူပါတယ်။ AirPods Pro မှာ ဒီစနစ်ကို အသေးချုံ့ပေးထားတာပါ။ အကယ်၍ အပြင်သွားလာနေတုန်း ဘေးပတ်ဝန်းကျင်အသံတွေကို နားထောင်ဖို့ လိုအပ်တဲ့အခါမှာလည်း နားကြပ်မဖြုတ်ဘဲ ကြားနိုင်ဖို့အတွက် “Transparency Mode” ထည့်သွင်းပေးထားပါတယ်။
ဒါ့အပြင် အသုံးပြုသူရဲ့ နားပုံသဏ္ဍာန်အတိုင်း ဂီတသံကို အလိုအလျောက် ချိန်ညှိပေးမယ့် “Adaptive EQ” စနစ်လည်း ပါရှိပါတယ်။ အခု AirPods Pro နားကြပ်ကနေ သာလွန်ကောင်းမွန်တဲ့ အသံအရည်အသွေးကို ရရှိနိုင်မယ်လို့ ကတိပြုထားပါတယ်။
လက်ရှိ AirPods တွေနဲ့ မတူတာ တခုကတော့ AirPods Pro မှာ ဆီလီကွန်နားကြပ်ခေါင်း အရွယ်အစား ၃ မျိုး ပါဝင်လာမှာပါ။ နားထဲမှာ ပိုမိုမြဲမြံလုံခြုံစေဖို့ အတွက် ကိုယ့်စိတ်ကြိုက် နားကြပ်ခေါင်းကို ပြောင်းလဲတပ်ဆင်နိုင်မှာ ဖြစ်ပါတယ်။
နားကြပ်ခေါင်း ဆိုဒ်မှန် မရွေးတတ်တဲ့လူတွေအတွက် “နားတွင်း အသံလှိုင်းနဲ့ နားကြပ် စပီကာက လာတဲ့ အသံကို တိုင်းတာပြီး” ဆိုဒ်မှန် ရွေးပေးမယ့် အသံစမ်းသပ် ဆော့ဖ်ဝဲ တခုလည်း လုပ်ပေးထားတယ်လို့ Apple က ပြောကြားထားပါတယ်။
AirPods Pro မှာ AirPods ဒုတိယမျိုးဆက်တွေအတိုင်း H1 Audio Chip၊ ကြိုးမဲ့အားသွင်းစနစ်၊ “Hey Siri” အသံနဲ့ ခေါ်ယူထိန်းချုပ်နိုင်တဲ့ စနစ်တွေ ပါဝင်ပြီး၊ ၄၊ ၅ နာရီလောက် သီချင်းဆက်တိုက် နားထောင်နိုင်ပါတယ်။ အရင်လိုပဲ ဘက်ထရီပါပြီးသား နားကြပ်ဘူးကနေ နောက်ထပ် ဘက်ထရီ ၂၄ နာရီ စာလောက် ထပ်သွင်းနိုင်ဦးမှာပါ။ ချွေးနဲ့ ရေစိမ့်ဝင်မှုဒဏ်က ကာကွယ်ပေးနိုင်တဲ့ IPX4 အဆင့်သတ်မှတ်ချက်ရ AirPods Pro ကို နိုင်ငံပေါင်း ၂၅ နိုင်ငံမှာ ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။
ဆူညံသံဖျောက်စနစ်ဟာ ရိုးရိုး ခေါင်းတပ် Headphones နားကြပ်တွေမှာ ပါနေကျ လုပ်ဆောင်ချက် ဆိုပေမယ့် AirPods လို နားအတွင်းတပ်ဆင်ရတဲ့ In-ear ကြိုးမဲ့နားကြပ်တွေမှာတော့ ပါလာတာ မကြာသေးပါဘူး။ အလားတူ ဆူညံသံဖျောက်စနစ်ပါတဲ့ Sony ရဲ့ 1000X M3 နားကြပ်က ၂၂၉ ဒေါ်လာ ရှိပြီး၊ Bose စနစ်ပါ Amazon Echo Buds တွေကတော့ ၁၂၉ ဒဿမ ၉၉ ဒေါ်လာလောက် ရှိပါတယ်။
Ref: The Verge, GSM Arena
You may also like these stories:
Apple H1 Chip အသုံးပြုထားတဲ့ Beats Powerbeats Pro ကြိုးမဲ့နားကြပ်ကို မိတ်ဆက်
Apple က AirPower ကြိုးမဲ့အားသွင်းစက် ထုတ်လုပ်မှုရပ်ဆိုင်း
iPhone 11 ကနေ Apple Watch နဲ့ AirPods တို့ကို ကြိုးမဲ့အားသွင်းနိုင်မည်
ကြိုးမဲ့အားသွင်းနိုင်တဲ့ နားကြပ်ဘူးနဲ့ AirPods အသစ်ကို Apple မိတ်ဆက်