တောင်ကိုရီးယားအခြေစိုက် ထိပ်သီး အီလက်ထရောနစ် ကုမ္ပဏီ Samsung ရဲ့ ပရီမီယမ် Laptop အသစ်နှစ်မျိုး ထွက်ရှိလာပါပြီ။ “Galaxy Book Flex” နဲ့ “Galaxy Book Ion” လို့ နာမည်ပေးထားပြီး၊ ၁၃ လက်မနဲ့ ၁၅ လက်မ အရွယ်အစား နှစ်မျိုးစီ ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။
အဓိက ထူးခြားချက်ကတော့ Samsung ရဲ့ မော်ဒယ်မြင့် TV တွေမှာ အသုံးပြုထားတဲ့ QLED Display နည်းပညာကို Laptop မှာ ပထမဆုံးအကြိမ် ထည့်သွင်းအသုံးပြုထားတာပါ။ ကမ္ဘာ့ပထမဆုံး QLED Display ပါ Laptop တွေလို့ Samsung က ကင်ပွန်းတပ်ထားပါတယ်။
Galaxy Book Flex နဲ့ Ion မှာ သုံးထားတဲ့ Full HD အရည်အသွေးရှိ QLED Display တွေက အလင်းတောက်ပမှုနှုန်း Brightness 600 nits အထိ ထုတ်ပေးနိုင်တယ်လို့ သိရပါတယ်။ အမြင့်ဆုံး 350 nits လောက်ပဲ ထုတ်နိုင်တဲ့ သာမန် Laptop တလုံးထက် ၂ ဆ ပိုမိုကောင်းမွန်မှာပါ။ အပြင်ဘက် နေရောင်အောက်မှာတောင် ကြည်လင်ပြတ်သားစွာ မြင်တွေ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
မော်ဒယ်နှစ်မျိုးစလုံးမှာ Touchpad ကနေ တခြား အီလက်ထရောနစ် ပစ္စည်းတွေကို အားပြန်သွင်းပေးနိုင်တဲ့ Samsung Wireless PowerShare စနစ် လည်း ပါဝင်လာပါတယ်။ ကြိုးမဲ့အားသွင်းနိုင်တဲ့ ပစ္စည်းတွေကို Laptop Touchpad ပေါ် တင်ထားလိုက်နဲ့ အားပြန်သွင်းပေးနိုင်မှာပါ။ ဒီစနစ် သုံးနေစဉ်အတွင်း Touchpad သုံးနိုင်မှာတော့ မဟုတ်ပါဘူး။
Galaxy Book Flex
မော်ဒယ်ပိုမြင့်တဲ့ Galaxy Book Flex ကို သတ္တု ကိုယ်ထည်နဲ့ ပြုလုပ်ထားပါတယ်။ နောက်ဆုံးပေါ် Intel 10th Gen Ice Lake Processors၊ Integrated Graphics တို့ ပါဝင်ပြီး၊ မြန်နှုန်းမြင့် LPDDR4X RAM နဲ့ PCIe NVMe SSD တို့နဲ့ ဖြစ်ပါတယ်။ အမြင့်ဆုံး 16GB RAM နဲ့ 1TB Storage အထိ ရွေးချယ်နိုင်မှာပါ။ လုံခြုံရေးအတွက် Windows Hello စနစ် အသုံးပြုနိုင်တဲ့ လက်ဗွေရာဆန်ဆာလည်း ပါဝင်မှာ ဖြစ်ပါတယ်။
Flex ဆိုတဲ့ နာမည်အတိုင်း မျက်နှာပြင်ကို ၃၆၀ ဒီဂရီ အထိ ခေါက်ချိုးလှန်နိုင်ပြီး၊ Galaxy Note ဖုန်းတွေက S Pen လည်း အသုံးပြုနိုင်ပါတယ်။
Thunderbolt 3 အပေါက် ၂ ခု၊ USB-A 3.0 အပေါက် ၂ ခု၊ HDMI အပေါက်ကြီး ၁ ခု နဲ့ microSD ကတ်အပေါက်တို့ အစုံအလင် ပါဝင်ပါတယ်။ ၁၃ လက်မနဲ့ ၁၅ လက် မော်ဒယ်နှစ်မျိုးစလုံးမှာ 69.Wh ဘက်ထရီကိုပဲ သုံးပေးထားတာ တွေ့ရပါတယ်။ ဒါပေမယ့် ၁၅ လက်မ မော်ဒယ်ကိုတော့ ရိုးရိုး အသင့်ပါ GPU အပြင်၊ Nvidia GeForce MX250 GPU ကတ်ပါတဲ့ ဗားရှင်းဆိုပြီး နှစ်မျိုး ထုတ်ပေးမှာ ဖြစ်ပါတယ်။
Galaxy Book Ion
Flex နည်းတူ Ion စီးရီးကိုလည်း ၁၃ လက်မနဲ့ ၁၅ လက်မ မော်ဒယ်နှစ်မျိုး ထုတ်သွားမှာပါ။ ဒါပေမယ့် Ion မှာတော့ ပလတ်စတစ်ကိုယ်ထည် ဖြစ်သွားပါတယ်။ အလေးချိန် ပိုပေါ့သွားပေမယ့် Flex လိုတော့ ခေါက်ချိုးနိုင်မှာ မဟုတ်ပါဘူး။ Ice Lake ထက် စွမ်းဆောင်ရည် အနည်းငယ် ပိုနိမ့်တဲ့ Intel 10th Gen Comet Lake CPU နဲ့ ဖြစ်ပြီး၊ RAM နဲ့ Storage တွေကတော့ တူညီပါတယ်။ ထူးခြားတာက Ion ၁၅ လက် မော်ဒယ်မှာ နောက်ထပ် 16GB RAM တချောင်းအပြင်၊ SSD တခု ထပ်စိုက်နိုင်တာပါ။ Nvidia GeForce MX250 GPU ကတ်ပါတဲ့ ဗားရှင်းလည်း ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။
Samsung ရဲ့ QLED Display ပါ Laptp အသစ်တွေကို လောလောဆယ် ဈေးကွက်ထဲ ဝယ်နိုင်ဦးမှာ မဟုတ်ပါဘူး။ လာမယ့် ၂၀၂၀ နှစ်ဝက်လောက်မှ စတင် ရောင်းချပေးသွားမယ်လို့ ပြောကြားထားပါတယ်။ ဈေးနှုန်းကို ဒီကြားထဲ ထပ်မံကြေညာပေးသွားမှာပါ။
Ref: Gizmodo, GSM Arena