ဈေးနှုန်းချိုသာတဲ့ TV တွေကြောင့် လူသိများတဲ့ တရုတ်အခြေစိုက် TCL ကုမ္ပဏီက ထူးခြားတဲ့ ခေါက်ချိုးဖုန်းဒီဇိုင်းတခုကို ထုတ်ဖော်ပြသလိုက်ပါတယ်။ လက်ရှိ ခေါက်ချိုးဖုန်းတွေလို မျက်နှာပြင်အဆစ် (Hinge) တခုတည်း မဟုတ်ဘဲ၊ အဆစ် နှစ်ခု ပါဝင်တဲ့ ဒီဇိုင်းပါ။ ပြီးခဲ့တဲ့ MWC ပွဲမှာ TCL ပြသခဲ့ဖူးတဲ့ DragonHinge စနစ်ကိုပဲ အသွင်တမျိုး ပြောင်းထားတာ ဖြစ်ပါတယ်။
TCL ခေါက်ချိုးဖုန်းဟာ အဆစ် ၂ ခု ပါတာကြောင့် ကိုယ်ထည်အနည်းငယ် ထူတာကလွဲရင် အပြင်ပန်းအသွင်အပြင်က သာမန် ဖုန်းတလုံးလိုပါပဲ။ ရှည်လျားတဲ့ စခရင်၊ ကျောဘက် ကင်မရာ ၄ လုံးတွဲနဲ့ပါ။ ထူးခြားချက်က အဆစ် ၂ ခုကို Z ပုံစံ ဆန့်ကျင်ဘက် ခေါက်ချိုးရတာ ဖြစ်ပါတယ်။
မျက်နှာပြင် နှစ်ဖက်လုံး ခေါက်ထားချိန်မှာ သာမန် စမတ်ဖုန်းတလုံးအသွင် အသုံးပြုနိုင်ပြီး၊ အဆုံးထိ ဖြန့်ထားချိန်မှာ ၁၀ လက်မအရွယ် တက်ဘလက် ဖြစ်သွားမှာပါ။ လက်ရှိ ပြသခဲ့တဲ့ မော်ဒယ်က ရှေ့ပြေးအဆင့်မှာပဲ ရှိသေးတာကြောင့် စခရင် အလုပ်မလုပ်သေးဘူးလို့ Cnet က ပြောကြားထားပါတယ်။ အသုံးပြုထားတဲ့ Specifications အချက်အလက်တွေလည်း မသိရသေးပါဘူး။
Alcatel, BlackBerry နဲ့ Palm တံဆိပ် ဖုန်းတွေကိုလည်း ထုတ်လုပ်ရောင်းချလျက်ရှိတဲ့ TCL ဟာ ကုမ္ပဏီရဲ့ ပထမဆုံး ခေါက်ချိုးဖုန်းကို ၂၀၂၀ မှာ မိတ်ဆက်ပေးနိုင်ဖို့ မျှော်မှန်းထားပါတယ်။ လက်ရှိအချိန်မှာတော့ လက်တွေ့ အသုံးဝင်မယ့် ခေါက်ချိုးဖုန်း ဒီဇိုင်းပုံစံမျိုးကို စမ်းသပ်ထုတ်လုပ်ဆဲ ဖြစ်ပြီး၊ ပြီးခဲ့တဲ့ MWC ပွဲမှာလည်း မတူညီတဲ့ ခေါက်ချိုးဖုန်း ဒီဇိုင်း ၅ မျိုးအထိ ထုတ်ပြခဲ့ဖူးပါတယ်။
အခုဆို ခေါက်ချိုးဖုန်းတွေ စတင် ပေါ်ထွက်လာတာ ၁ နှစ်ပြည့်လုနီး ဖြစ်ပေမယ့် ဈေးကွက်ထဲမှာတော့ ခေါက်ချိုးဖုန်းရယ်လို့ များများစားစား မရှိသေးပါဘူး။ နာမည်ကြီး ဖုန်းကုမ္ပဏီတွေထဲမှာ ခေါက်ချိုးဖုန်း တရားဝင် မိတ်ဆက်ထားနိုင်တဲ့ ကုမ္ပဏီကလည်း Samsung နဲ့ Huawei ပဲ ရှိပါသေးတယ်။ ဒီ ခေါက်ချိုးဖုန်းတွေကလည်း အနည်းဆုံး ဒေါ်လာ ၂,၀၀၀ ဝန်းကျင်မှာ ရှိတာကြောင့် လူတိုင်း လက်လှမ်းမီဖို့ ခဲယဉ်းဦးမှာပါ။
Ref: TNW, Cnet
You may also like these stories:
နှစ်ဖက် ချိုးနိုင်မည့် Apple ရဲ့ ခေါက်ချိုးဖုန်း
လက်မှာ ပတ်ထားနိုင်တဲ့ ခေါက်ချိုးဖုန်းတလုံးကို TCL ဖန်တီးနေ
ဖုန်းနဲ့ တက်ဘလက်အသွင် ပြောင်းနိုင်တဲ့ IBM ခေါက်ချိုး စမတ်နာရီ
အအိပ်အစား မက်နေပါက ဓာတ်လိုက်စေမယ့် လက်ပတ်ကို Amazon စတင်ရောင်းချ