Huawei CEO တယောက် လေဆိပ်မှာ စစ်ဆေးမှု ခံယူနေတဲ့ ဓာတ်ပုံတပုံ တရုတ် အင်တာနက် အသုံးပြုသူတွေအကြား ရေပန်းစားလျက် ရှိပါတယ်။ တရုတ်လူမှုကွန်ရက် Weibo မှာ အချိန်တိုအတွင်း မျှဝေသူ သန်းချီ ရှိခဲ့တာပါ။
အကြောင်းကတော့ Huaewi CEO Ren Zhengfei ရဲ့ အိတ်ထဲမှာ ပြိုင်ဘက် Apple ကုမ္ပဏီထုတ် iPad တလုံးကို အထင်းသား တွေ့ခဲ့ရတာကြောင့် ဖြစ်ပါတယ်။ စမတ်ဖုန်းစျေးကွက်မှာ အဓိကပြိုင်ဘက်တွေ ဖြစ်ပေမယ့် Huawei CEO တယောက် ဘယ်သွားသွား Apple ပစ္စည်းတွေ သယ်သွားပုံပါပဲ။
Ren Zhgenfei အနေနဲ့ အရင်ကလည်း Apple ထုတ်ကုန်တွေအကြောင်း ချီးမွမ်းခန်း ဖွင့်ဖူးတာကြောင့် iPad နဲ့အတူ တွေ့ရတာက သိပ်အံ့သြစရာတော့ မရှိပါဘူး။ သူ့ မိသားစုဝင်တွေကိုလည်း ပြည်ပရောက်တိုင်း Apple ပစ္စည်းတွေ ဝယ်ပေးလေ့ရှိတယ်လို့ တရုတ်မီဒီယာတခုကို ယခုနှစ် အစောပိုင်းတုန်းက ထုတ်ဖော်ပြောကြားခဲ့ဖူးပါတယ်။
“ကျနော့် ကလေးတွေကတော့ Huawei ပစ္စည်းထက် Apple ဟာတွေပဲ ပိုကြိုက်ကြတယ်” လို့ Zhengfei က ဆိုပါတယ်။
“သူတို့ Huawei မကြိုက်တာတော့ မဟုတ်ပါဘူး။ iPhone က ဆက်စပ်အသုံးပြုမှုစနစ် (Ecosystem) ကောင်းမွန်တော့ မိသားစု နိုင်ငံခြားထွက်တိုင်း သူတို့ကို iPhone တွေ ဝယ်ပေးဖြစ်ပါတယ်။ Huawei ကို ကြိုက်တာနဲ့ Huawei ဖုန်းတွေပဲ ကြိုက်ရမယ်လို့ အမြင်မကျဉ်းမြောင်းသင့်ပါဘူး”လို့ သူက ဆိုခဲ့ပါတယ်။
Zhengfei ရဲ့ သမီးဖြစ်သူ၊ Huawei CFO Meng Wanzhou ကို ပြီးခဲ့တဲ့နှစ်အတွင်း ကနေဒါမှာ ဖမ်းဆီးထိန်းသိမ်းခဲ့စဉ်ကလည်း သူမအိတ်ထဲမှာ iPhone ၊ iPad ၊ MacBook နဲ့ Apple ပစ္စည်းတွေ အစုံပါလာတာကို တွေ့ရှိခဲ့ရပါသေးတယ်။
“Apple ဆိုတာ ကမ္ဘာ့ဦးဆောင်ကုမ္ပဏီပါ။ Apple သာ မရှိခဲ့ရင် မိုဘိုင်းအင်တာနက် ဆိုတာတောင် ရှိလာမှာ မဟုတ်ပါဘူး။ Apple ဟာ ကျနော့်ဆရာပါ။ ကျနော်တို့ မျက်စိရှေ့မှောက်မှာတင် တိုးတက်ပြောင်းလဲနေပါတယ်။ တပည့်တယောက်အနေနဲ့ ဘာလို့ ဆရာကို ပုန်ကန်ရမှာလဲ။ ဘယ်တော့မှ ကျနော် အဲ့လို လုပ်မှာမဟုတ်ပါဘူး”လို့ Ren Zhengfei က Bloomberg သတင်းဌာနကိုလည်း ပြောကြားခဲ့ဖူးပါတယ်။
Zhengfei ရဲ့ ရိုးသားပွင့်လင်းမှုက လေးစားအားကျစရာ ဆိုပေမယ့်၊ Huawei ကုမ္ပဏီအတွင်းမှာတော့ Apple အားပေးတာမျိုး လက်မခံဘူးလို့ သိရပါတယ်။
ယခုနှစ် အစောပိုင်းတုန်းက iPhone ကနေ Twitter ပေါ် ပို့စ်တင်တဲ့ Huawei ဝန်ထမ်းနှစ်ဦးကို ရာထူးနဲ့ လစာတွေ လျော့ချပစ်ခဲ့တာက သက်သေပါ။ ဒီနှစ် အစောပိုင်းမှာလည်း Huawei ဝန်ထမ်းတိုင်း Android ဖုန်းနဲ့ပဲ Twitter မှာ ပို့စ်တင်ဖို့ ကုမ္ပဏီတွင်း မူဝါဒ ပြောင်းလဲပစ်ခဲ့ပါသေးတယ်။
ညွှန်ကြားချက်အတိုင်း မလုပ်ဆောင်တဲ့ ဝန်ထမ်းအချို့ကို လစာဖြတ်တောက်မှုတွေ လုပ်ခဲ့တယ်လို့ သိရပါတယ်။
အမေရိကန်အစိုးရက Huawei ကို ကုန်သွယ်ရေး ပိတ်ပင်ခဲ့ပြီးနောက်ပိုင်း တရုတ်နိုင်ငံတွင်းမှာလည်း အမေရိကန်အခြေစိုက် Apple ကို သပိတ်မှောက်မှုတွေ ဖြစ်ပွားခဲ့ပါတယ်။
အဆိုပါအချိန်တုန်းကလည်း Huaewi CEO Ren Zhengfei က တရုတ်ပြည်တွင်း Apple ထုတ်ကုန် မဝယ်ရေး အစီအစဉ်မှန်သမျှကို သူကိုယ်တိုင် ဆန့်ကျင်ကန့်ကွက်သွားမှာ ဖြစ်ကြောင်း ထုတ်ပြောခဲ့ဖူးပါတယ်။