အာရှဈေးကွက်မှာ အားပေးမှု အခိုင်အမာ ရရှိထားတဲ့ Vivo က “Y17” အမည်ရ ဖုန်းသစ်တလုံးကို ထိုင်းနိုင်ငံနဲ့ ဗီယက်နမ်နိုင်ငံတို့မှာ နိုဝင်ဘာ ၁ ရက်နေ့က မိတ်ဆက်ပေးလိုက်ပါတယ်။ ကျောကင်မရာ ၃ လုံး၊ ကြီးမားတဲ့ ဘက်ထရီနဲ့ အားအမြန်သွင်းစနစ်တွေ ပါဝင်တဲ့ Mid-range တန်းဝင် ဖုန်းတလုံးပါ။ တန်ဖိုးသင့် Vivo Y စီးရီးရဲ့ မျိုးဆက်သစ်မော်ဒယ်လည်း ဖြစ်ပါတယ်။
Vivo Y19 မှာ ရေစက်ပုံစံ Notch ပါဝင်တဲ့ ၆ ဒဿမ ၅၃ လက်မ အရွယ် FHD+ မျက်နှာပြင်ကို အသုံးပြုထားပါတယ်။ မျက်နှာပြင်နဲ့ ကိုယ်ထည်အချိုးအစား ၉၀ ဒဿမ ၃ ရာခိုင်နှုန်းအထိ ရှိတာကြောင့် စခရင်က ဖုန်းကိုယ်ထည်အပြည့် နေရာယူထားမှာပါ။ MediaTek ရဲ့ Helio P65 Chipset နဲ့ ဖြစ်ကာ၊ 6GB RAM နဲ့ 128GB Storage တို့ ပါဝင်ပါတယ်။ microSD ကတ်လည်း ထပ်စိုက်နိုင်ဦးမှာပါ။
တန်ဖိုးသင့် ဖုန်းတလုံးဖြစ်ပေမယ့် အရည်အသွေးမြင့် ဓာတ်ပုံတွေ ရိုက်ကူးနိုင်ဖို့အတွက် Vivo Y19 မှာ ကျောကင်မရာ ၃ လုံးအထိ ထည့်သွင်းပေးထားပါတယ်။ အဓိကကင်မရာက 16MP ဆန်ဆာ၊ ဒုတိယကင်မရာက 8MP မြင်ကွင်းကျယ်ဆန်ဆာနဲ့ 2MP Depth ဆန်ဆာတို့ပါ။
ဖုန်းမျက်နှာပြင်ရှေ့က ရေစက် Notch အတွင်းမှာတော့ 16MP ဆန်ဆာတခုကို တွေ့မြင်ရမှာပါ။ နောက်ခံဝါး ဓာတ်ပုံတွေ ရိုက်ဖို့ Portrait Mode နဲ့ အလှ ဓာတ်ပုံတွေအတွက် Beauty Mode စသဖြင့် ကင်မရာလုပ်ဆောင်ချက် အစုံအလင် ပါဝင်လာပါတယ်။
Vivo Y19 မှာ လက်ဗွေရာဆန်ဆာကိုတော့ ဖုန်းကျောဘက်မှာပဲ ထည့်သွင်းပေးထားပါတယ်။ ဒီဖုန်းရဲ့ နောက်ထပ် ဆွဲဆောင်ချက်တခုကတော့ ကြီးမားတဲ့ 5,000mAh ဘက်ထရီ သုံးပေးထားတာပါ။ အားတခါသွင်းပြီးရင် ၁၇ နာရီလောက် ဆက်တိုက် အသုံးပြုနိုင်ကြောင်း ကုမ္ပဏီက ပြောကြားထားပါတယ်။
ဒါ့အပြင် 18W အားအမြန်သွင်းစနစ်လည်း ပါဝင်တာကြောင့် အချိန်တိုအတွင်း အားအပြည့် သွင်းနိုင်မှာပါ။ ထူးခြားချက်အနေနဲ့ Reverse Charging နည်းပညာ ပါဝင်တာကြောင့် ဒီဖုန်းကနေ တခြားဖုန်းတလုံးကိုပါ အားပြန်သွင်းပေးနိုင်ဦးမှာ ဖြစ်ပါတယ်။
Vivo Y19 ကို အဖြူနဲ့ အနက် အရောင် ၂ မျိုးပဲ ထုတ်လုပ်ရောင်းချသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ Android 9 Pie စနစ်အခြေခံ Funtouch OS 9.2 နဲ့ ထွက်ရှိလာမှာပါ။ ဈေးနှုန်းအနေနဲ့ ဗီယက်နမ်ဒေါင် ၄,၉၉၀,၀၀၀ (၂၁၅ ဒေါ်လာခန့်) နဲ့ ထိုင်းဘတ်ငွေ ၆,၉၉၉ (၂၃၂ ဒေါ်လာ) သတ်မှတ်ထားပါတယ်။ Vivo ရဲ့ တရားဝင်အွန်လိုင်းစတိုးတွေမှာ ယနေ့ပဲ စတင်ဝယ်ယူနိုင်ပြီ ဖြစ်ပါတယ်။
Ref: Gizmochina, IndiaToday