တရုတ်နိုင်ငံမှာ 5G ကွန်ရက်သစ်ကို ပြည်သူအားလုံး စတင် အသုံးပြုနိုင်ပြီ ဖြစ်ပါတယ်။ အစိုးရပိုင် ဆက်သွယ်ရေးကုမ္ပဏီတွေဖြစ်တဲ့ China Mobile ၊ China Unicorn နဲ့ China Telecom သုံးခုစလုံးက ၎င်းတို့ရဲ့ 5G မိုဘိုင်းကွန်ရက်နဲ့ အင်တာနက် ဝန်ဆောင်မှု အစီအစဉ် အသီးသီးကို နိုဝင်ဘာ ၁ ရက်နေ့မှာ ပြိုင်တူ မိတ်ဆက်ပေးခဲ့တာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံရဲ့ အကြီးဆုံး ဆက်သွယ်ရေး ကုမ္ပဏီဖြစ်တဲ့ China Mobile က ဘေဂျင်း၊ ရှန်ဟိုင်းနဲ့ ရှန်ကျန်း အပါအဝင် မြို့ကြီး ၅၀ ကို လွှမ်းခြုံထားတဲ့ 5G ကွန်ရက်နဲ့ အတူ 5G ဝန်ဆောင်မှု အစီအစဉ်တွေကို မိတ်ဆက်ပေးခဲ့ပါတယ်။ ကွန်ရက်သစ် ဖြစ်ပေမယ့် အင်တာနက်နှုန်းထား ကြီးမြင့်မှု မရှိဘဲ 30GB တလကိုမှ ၁၈ ဒေါ်လာလောက်ပဲ ကျသင့်မှာပါ။
အလားတူ China Unicom နဲ့ China Telecom တို့ကလည်း ဈေးသိပ်မကွာတဲ့ 5G အစီအစဉ်သစ်တွေကို မိတ်ဆက်ပေးခဲ့ကြပါတယ်။ စိတ်ဝင်စားစရာကောင်းတာက တရုတ်ရဲ့ 5G နှုန်းထားသစ်တွေဟာ မူလ 4G နှုန်းထားတွေနဲ့လည်း ဈေးကွာခြားမှု သိပ်မရှိတာပါ။ ဒါကြောင့် 5G သုံးဖို့ အတွက် တရုတ်ပြည်သူပေါင်း ၁၀ သန်းလောက် ကြိုတင်စာရင်းပေးခဲ့ကြတယ်လို့ သိရပါတယ်။
အခုလို အကြီးဆုံး ပြည်တွင်းဆက်သွယ်ရေး ကုမ္ပဏီ ၃ ခုစလုံးက 5G ကွန်ရက်သစ် ပြိုင်တူ လွှင့်လိုက်တာကြောင့် ကမ္ဘာ့အကြီးဆုံး 5G ကွန်ရက် ကို တရုတ်နိုင်ငံက ပိုင်ဆိုင်သွားပြီ ဖြစ်ပါတယ်။ ဒီအတွက် ယခုနှစ်အတွင်း ကုမ္ပဏီ သုံးခုပေါင်း ၃၀၂ ဘီလျံ ယွမ်ခန့် သုံးစွဲထားပြီး ဖြစ်ကြောင်း ဆက်သွယ်ရေးကုမ္ပဏီတွေက ပြောကြားခဲ့ပါတယ်။ နောက်ထပ် 5G ဆက်သွယ်ရေး အခြေစိုက် စခန်းပေါင်း ၅ သောင်းလောက်ကိုလည်း အဓိက တရုတ်မြို့ကြီးအချို့မှာ တိုးချဲ့သွားဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။
“တခြားနိုင်ငံတွေမှာ ဒီနှစ်အစောပိုင်းကတည်းက 5G ရနေပြီ ဆိုပေမယ့် တရုတ်က အခုချက်ချင်း ကမ္ဘာ့အကြီးဆုံး အများပြည်သူသုံး 5G ကွန်ရက်ကို လွှင့်တင်လိုက်တာပါ။ တရုတ် 5G ကွန်ရက်ရဲ့ ကျယ်ပြန့်မှုပမာဏနဲ့ 5G ဝန်ဆောင်မှုနှုန်းထားတွေက ဈေးကွက်စနစ် တခုလုံးကို ကြီးမားတဲ့ သက်ရောက်မှု ရှိလာနိုင်ပါတယ်” လို့ Stanford C. Bernstein ရဲ့ ဈေးကွက်သုတေသီ Chris Lane က သုံးသပ်ပြောကြားခဲ့ပါတယ်။
အင်တာနက် ဒေတာအတွက် တလကို ၁၈ ဒေါ်လာ အထက် အသုံးပြုလျက်ရှိတဲ့ တရုတ်ပြည်သူတွေ အနေနဲ့လည်း 5G ကွန်ရက်သစ် ပြောင်းသုံးဖို့ စိတ်အားထက်သန်နေကြောင်း South China Morning Post သတင်းစာက ဖော်ပြထားပါတယ်။
တရုတ်အစိုးရကတော့ သက္ကရာဇ် ၂၀၂၀ မှာ နိုင်ငံတွင်း 5G ကွန်ရက်သစ် အသုံးပြုသူပေါင်း သန်း ၁၁၀ အထက် ရှိမယ်လို့ ခန့်မှန်းထားပါတယ်။ စုစုပေါင်းလူဦးရေရဲ့ ၇ ရာခိုင်နှုန်းအထိ 5G ထိုးဖောက်နိုင်ဖို့ မျှော်မှန်းထားတာပါ။ ဒီနှုန်းထားအတိုင်းဆို လက်ရှိမှာ နိုင်ငံလူဦးရေ ၃ ရာခိုင်နှုန်းအထိ 5G ထိုးဖောက်ထားနိုင်တဲ့ တောင်ကိုရီးယားကို အချိန်တိုအတွင်း ကျော်တက်သွားမှာ ဖြစ်ပါတယ်။
Ref: Bloomberg, GSM Arena
You May Also Like These Stories:
VinSmart နှင့် Fujitsu၊ Qualcomm တို့ ပူးပေါင်းကာ 5G စမတ်ဖုန်းများ ထုတ်လုပ်မည်
5G နည်းပညာ ဟွာဝေး ထုတ်ရောင်းချင်