Xiaomi ရဲ့ ပထမဆုံး စမတ်နာရီ ဖြစ်တဲ့ “Mi Watch” ကို တရုတ်နိုင်ငံမှာ ယမန်နေ့က တရားဝင် မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါတယ်။ Xiaomi အနေနဲ့ ကျန်းမာရေး လိုက်စားသူတွေအတွက် ရည်ရွယ်ထားတဲ့ Mi Band စမတ်လက်ပတ် မျိုးဆက် ၄ ခုကို အောင်မြင်စွာ ထုတ်လုပ် ရောင်းချခဲ့ပြီးနောက်မှာ တကယ့် စမတ်နာရီ အစစ်တလုံးကို စတင် ထုတ်လုပ်လိုက်တာ ဖြစ်ပါတယ်။
Xiaomi ထုတ်ကုန်တွေ ထုံးစံအတိုင်း ချိုသာတဲ့ ဈေးနှုန်း၊ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေ ပါဝင်တဲ့ စမတ်နာရီ တလုံးပါ။ Xiaomi Mi Watch ကို မြင်လိုက်တာနဲ့ Apple Watch နဲ့ ဒီဇိုင်း တော်တော်လေး တူတာကို တွေ့ရမှာပါ။ လက်ရှိ စမတ်နာရီတွေထဲမှာ အကောင်းတကာ့ အကောင်းဆုံးစာရင်းဝင် Apple Watch ကို ဒီဇိုင်းမှီငြမ်းထားတာက သိပ်အံ့အားသင့်စရာတော့ မရှိပါဘူး။
Apple Watch အတိုင်း Mi Watch ရဲ့ Touchscreen Display ကို လေးထောင့်ကျကျ ဒီဇိုင်းသုံးထားပြီး၊ အပေါ်မှာ Gorilla Glass 3 အကြမ်းခံမှန်သား အုပ်ပေးထားပါတယ်။
AMOLED အမျိုးအစား မျက်နှာပြင်က ၁ ဒဿမ ၇၈ လက်မ အရွယ်ရှိကာ၊ လေးဖက်လေးတန် ကွေးညွတ်နေမှာပါ။ နာရီရဲ့ ကိုယ်ထည်ကို ခိုင်ခံ့မာကျောတဲ့ အလူမီနမ်သတ္တုနဲ့ ပြုလုပ်ပေးထားပြီး၊ ကျောဘက်ကိုတော့ မှန်တချပ်သဖွယ် တောက်ပြောင်လင်းလက်နေတဲ့ Ceramic ကြွေထည်နဲ့ လုပ်ပေးထားပါတယ်။
Mi Watch စမတ်နာရီရဲ့ ညာဘက်မှာတော့ watch UI ကို လှည့်ပတ် ထိန်းချုပ်ဖို့အတွက် Crown ဘီးခလုတ်တခုကို တွေ့မြင်ရမှာပါ။ သူ့အောက်မှာတော့ ဘက်စုံသုံး ခလုတ်တခုနဲ့ မိုက်ခရိုဖုန်းတခုတို့ကို ထည့်သွင်းပေးထားပါတယ်။ နာရီဒိုင်ခွက် ဘယ်ဘက်အခြမ်းမှာတော့ နောက်ထပ် မိုက်ခရိုဖုန်းအပေါက်တခုနဲ့ စပီကာအပေါက်တို့ ပါဝင်ပါတယ်။
အခြား စမတ်နာရီတွေလိုပဲ Mi Watch ရဲ့ လက်ပတ်ကြိုးကိုလည်း အလွယ်တကူ ဖြုတ်တပ် လဲလှယ်နိုင်မှာပါ။ လက်ပတ်ကြိုးကို ဓာတ်မတည့်တာမျိုး၊ လူ့အသားအရေကို ဘေးဥပါဒ် မဖြစ်စေနိုင်တဲ့ Fluoro ရာဘာနဲ့ ထုတ်လုပ်ပေးထားပါတယ်။ အဖြူ၊ အပြာ၊ ငွေရောင်၊ အနက် စသဖြင့် လက်ပတ်ကြိုးအရောင်မျိုးစုံ ရွေးချယ်နိုင်မှာပါ။
Mi Watch ရဲ့ အဓိကဆွဲဆောင်မှုကတော့ 570mAh ပမာဏရှိတဲ့ ကြီးမားတဲ့ ဘက်ထရီပါ။ လက်ရှိ စမတ်နာရီတွေထဲမှာ ဘက်ထရီအကြီးဆုံး နာရီတလုံး ဖြစ်ပါတယ်။ 455mAh ဘက်ထရီပါ Huawei Watch GT 2 ၊ 455mAh ဘက်ထရီပါ Apple Watch Series 5 တို့ထက် ဘက်ထရီပမာဏ ပိုမိုများပြာပါတယ်။။
တခါ အားသွင်းပြီးရင် ၃၆ နာရီကနေ အလွန်ဆုံး ၂ ရက်လောက် အသုံးခံတယ်လို့ ကုမ္ပဏီက ပြောကြားထားပါတယ်။ ၂၀၁၉ ထုတ် စမတ်နာရီ အများစုလိုပဲ eSIM ပါဝင်တာကြောင့် ဖုန်းခေါ်၊ အင်တာနက် သုံးနိုင်မှာပါ။ NFC ၊ Bluetooth 4.2 ၊ Wi-Fi ၊ GPS စတဲ့ ချိတ်ဆက်မှုတွေလည်း အစုံအလင် ပါဝင်ပါတယ်။
Mi Watch မှာ Snapdragon Wear 3100 Chipset အသစ်ကို အသုံးပြုထားပြီး၊ 1GB RAM နဲ့ 8GB Storage တို့ ထည့်သွင်းပေးထားပါတယ်။ Google ရဲ့ WearOS ကိုပဲ ကုမ္ပဏီ စမတ်ဖုန်းတွေအတိုင်း MIUI အသွင်အပြင် ပြောင်းပေးထားမှာ ဖြစ်ပါတယ်။ Xiaomi ရဲ့ ကိုယ်ပိုင် ဒီဂျစ်တယ်အထောက်အကူစနစ် ဖြစ်တဲ့ XiaoAI လည်း ပါလာပါတယ်။
Wearable တလုံးမှာ ပါနေကျ ကျန်းမာရေးအထောက်အကူပြု လုပ်ဆောင်ချက်တွေအပြင် နှလုံးခုန်နှုန်း၊ သွေးတွင်း အောက်စီဂျင်ပမာဏ၊ အိပ်စက်မှု အရည်အသွေးနဲ့ ခန္ဓာကိုယ် စွမ်းအင်တို့ကို စောင့်ကြည့်တိုင်းတာမှု လုပ်ဆောင်ချက်တွေ အစုံအလင် အသုံးပြုနိုင်မှာပါ။
NFC နဲ့ ငွေပေးချေတာ၊ အိမ်သုံးစမတ်ပစ္စည်းတွေကို နာရီကနေ ထိန်းချုပ်တာတွေလည်း လုပ်ဆောင်နိုင်ပါတယ်။ Mi Watch အတွက် Apps တွေ ရယူနိုင်ဖို့အတွက် ကိုယ်ပိုင် App Store တခုပါ တပါတည်း ထည့်ပေးလိုက်မှာ ဖြစ်တယ်လို့ Xiaomi က ပြောထားပါတယ်။
ဈေးနှုန်းအနေနဲ့ Xiaomi Mi Watch ကို တန်ဖိုး ၁,၂၉၉ ယွမ် (၁၈၅ ဒေါ်လာခန့်) သတ်မှတ်ထားပြီး၊ တရုတ်နိုင်ငံမှာ နိုဝင်ဘာ ၁၁ ရက်နေ့ စတင် ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။
ဒါ့အပြင် နီလာမှန်သားသုံး မျက်နှာပြင်၊ စတိန်းလက်စတီး ကိုယ်ထည်၊ စတိန်းလက်စတီး လက်ပတ်တွေ ပါဝင်တဲ့ အထူးထုတ် Mi Watch မော်ဒယ်လည်း ထုတ်ပေးသွားမယ်လို့ သိရပါတယ်။ ဒီမော်ဒယ်ကိုတော့ ၂၈၅ ဒေါ်လာလောက် ပေးရမှာဖြစ်ပြီး၊ ဒီဇင်ဘာလကျမှ စတင် ရောင်းချပေးသွားမှာပါ။
Ref: Gizmochina, The Verge
You may also like these stories: