Facebook ရဲ့ ကိုယ်ပိုင်ငွေပေးချေမှုစနစ်အသစ် “Facebook Pay” ကို အမေရိကန်ပြည်ထောင်စုမှာ ယနေ့ တရားဝင် မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါတယ်။ ကုမ္ပဏီပိုင် လူမှုကွန်ရက်နဲ့ Apps တွေအကြား တပြေးညီ ငွေပေးချေမှုစနစ် ဖြစ်လာဖို့ ရည်ရွယ်ထားပြီး၊ Facebook၊ Messenger ၊ WhatsApp နဲ့ Instagram Apps အကုန်လုံးမှာ အသုံးပြုနိုင်မှာပါ။
မိတ်ဆွေ သူငယ်ချင်းတွေဆီ ငွေပေးပို့တာ၊ ပစ္စည်းဝယ်တာ၊ ငွေလှူဒါန်းတာ စတဲ့ ငွေပေးချေမှု ကိစ္စအဝဝကို Facebook Pay ကနေ လုပ်ဆောင်နိုင်မှာပါ။ ဝန်ဆောင်ခလည်း ပေးရမှာ မဟုတ်ပါဘူး။
Facebook Pay ကို အသုံးပြုမယ်ဆိုရင် ပထမဦးဆုံး ငွေပေးချေမှု နည်းလမ်းတခု အရင် ဖြည့်သွင်းပေးရမှာပါ။ Facebook နဲ့ Messenger App ရဲ့ Settings ထဲမှာပဲ Facebook Pay ဆိုပြီး အသစ် ပါလာမှာပါ။ Visa ၊ MasterCard အပါအဝင် အကြွေးဝယ်ကတ်နဲ့ ဘဏ်ကတ် အများစုနဲ့ PayPal အကောင့်တွေကို ဖြည့်သွင်းနိုင်ပါတယ်။
ဘဏ်ကတ်ထည့်ပြီးရင်တော့ Facebook Pay ကို Apps အကုန်လုံးမှာ သုံးမှာလား ဒါမှမဟုတ် တချို့ Apps တွေမှာပဲ သုံးမှာလား ဆိုတာကို ရွေးချယ်ပေးရမှာပါ။
“Facebook Pay” ကို အမေရိကန်ပြည်ထောင်စုမှာ ယခုတပတ်ထဲ စတင် ထုတ်ပေးဖို့ စီစဉ်ထားပါတယ်။ ဒါပေမယ့် အခုလောလောဆယ်တော့ Facebook နဲ့ Messenger မှာပဲ သုံးလို့ ရဦးမှာပါ။ Instragram နဲ့ WhatsApp တို့မှာတော့ နောက်ပိုင်းတချိန်ကျမှ ရပါလိမ့်မယ်။ တခြားနိုင်ငံတွေမှာလည်း အသုံးပြုနိုင်အောင် ကြိုးစားနေတယ်လို့ Facebook စီးပွားရေးဌာန အကြီးအကဲဖြစ်သူ Deborah Liu က ပြောကြားခဲ့ပါတယ်။
Facebook Pay ကို ကနဦး ထုတ်ပေးချိန်မှာတင် ရန်ပုံငွေရှာတဲ့ အဖွဲ့အစည်းတွေကို ငွေလှူဒါန်းတာ၊ ဂိမ်းထဲက ပစ္စည်းတွေ ဝယ်တာ၊ ပွဲလက်မှတ်ဝယ်တာ၊ အသုံးပြုသူအချင်းချင်း ငွေပေးပို့တာတွေ အားလုံး လုပ်ဆောင်နိုင်မှာပါ။ Facebook Marketplace မှာ လည်ပတ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေဆီက ဝယ်ယူတဲ့အခါမှာလည်း Facebook Pay နဲ့ ငွေရှင်းနိုင်ပါတယ်။
အခုမှ စထွက်လာတဲ့ Facebook Pay အနေနဲ့ အမေရိကန်မှာရှိနှင့်ပြီးသား Google Pay ၊ Apple Pay ၊ Square ၊ Venmo စတဲ့ နာမည်ကြီး ငွေပေးချေမှုစနစ်တွေနဲ့ တိုက်ရိုက် ယှဉ်ပြိုင်ရဖို့ ရှိပါတယ်။ ဒါပေမယ့် Facebook ဆိုတာကလည်း ကမ္ဘာ့လူသုံးအများဆုံး လူမှုကွန်ရက်တွေကို ပိုင်ဆိုင်ထားတဲ့ ကုမ္ပဏီတခု ဖြစ်တာကြောင့် ဈေးကွက်ပြိုင်ဆိုင်ရာမှာ အခက်အခဲတော့ သိပ်ရှိမှာ မဟုတ်ပါဘူး။
Ref: The Verge, Business Insider