ယခုနှစ် အစောပိုင်းကတည်းက သတင်းပြေးနေတဲ့ Motorola Razr ခေါက်ဖုန်းကို ယနေ့ တရားဝင် မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါတယ်။ ခေတ်ဟောင်း ခေါက်ဖုန်းဆိုပေမယ့် ဆန်းသစ်တဲ့ ခေါက်ချိုး မျက်နှာပြင်၊ OLED စခရင်တို့ ပါရှိပြီး၊ တန်ဖိုး ဒေါ်လာ ၁,၅၀၀ သတ်မှတ်ထားပါတယ်။ လွန်ခဲ့တဲ့ ၂၀၀၀ ပြည့်နှစ်ဝန်းကျင်က ခေတ်စားခဲ့တဲ့ Motorola Razr V3 ခေါက်ဖုန်းကို ဒီဘက်ခေတ်နဲ့ လျော်ညီအောင် ဒီဇိုင်းအသစ်အနေနဲ့ ပြန်ထုတ်ပေးလိုက်တာပါ။
Motorola Razr ခေါက်ဖုန်းမှာ အဓိကထူးခြားချက်က အတွင်းဘက် မျက်နှာပြင်ပါ။ အရင် ခေါက်ဖုန်းတွေလို ကီးဘုတ် မပါဘဲ အတွင်းဘက် မျက်နှာပြင်အပြည့်နဲ့ ဖြစ်ပါတယ်။ HD အရည်အသွေးရှိ ၆.၂ လက်မအရွယ် Flex View ပလတ်စတစ် OLED စခရင်ကို အသုံးပြုထားပါတယ်။
21:9 မျက်နှာပြင်အချိုးအစားနဲ့ ဖြစ်တာကြောင့် စခရင်က အတော်လေး ရှည်လျားမှာပါ။ ပြီးတော့ ခေါက်ချိုး Foldable ဖုန်းတွေအတိုင်း ဒီစခရင်ကို အလယ်ကနေ ခေါက်ချိုးနိုင်ပါသေးတယ်။ ခေါက်ထားချိန်မှာ ဖုန်းက မိတ်ကပ်ဘူးတဘူး စာလောက်ပဲ ရှိမှာပါ။
ဒါ့အပြင် Razr ဖုန်းရဲ့ အပေါ်ဘက်မှာလည်း ၂.၇ လက်မအရွယ် Quick View gOLED မျက်နှာပြင်တခု ထည့်ပေးထားပါသေးတယ်။ ဖုန်းခေါက်ထားချိန်မှာ ဒီမျက်နှာပြင်ကန ဖုန်းခေါ်၊ ဓာတ်ပုံရိုက်နဲ့ Settings အဖွင့်အပိတ်စတဲ့ အရေးကြီးလုပ်ဆောင်ချက်တွေကို လုပ်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ လက်ဗွေရာဆန်ဆာကိုတော့ ဖုန်းရဲ့ အောက်ခြေကိုယ်ထည်မှာပဲ ထည့်သွင်းပေးထားပါတယ်။
Motorola Razr ဖုန်းဟာ ဒေါ်လာ ၁,၅၀၀ လောက် ရှိပေမယ့် Samsung Galaxy Fold နဲ့ Huawei Mate X လို ခေါက်ချိုးဖုန်းတွေလောက်တော့ စွမ်းဆောင်ရည်မြင့်မှာ မဟုတ်ပါဘူး။ စွမ်းဆောင်ရည် အလတ်တန်းလောက်မှာရှိတဲ့ Snapdragon 710 Chipset ကို အသုံးပြုထားပြီး၊ 6GB RAM နဲ့ 128GB Storage တို့ ပါဝင်မှာပါ။
ကင်မရာအနေနဲ့လည်း ဖုန်းအတွင်း၊ အပြင်မှာ ၁ လုံးစီပဲ ပါဝင်ပါတယ်။ အဓိကကင်မရာက 16MP, f/1.7 ဆန်ဆာ ဖြစ်ကာ EIS၊ Dual Pixel AF ၊ Laser AF စနစ်နဲ့ LED ဖလက်ရှ်မီးတစုံတို့ ပါဝင်ပါတယ်။ အတွင်းဘက် Selfie ကင်မရာကတော့ 5MP, f/2.0 ဆန်ဆာပါ။ ဖလက်ရှ်မီး မပါဘဲ မှောင်နေချိန်မှာ စခရင်က မီးအလင်းရောင် ထုတ်ပေးမှာ ဖြစ်ပါတယ်။
Motorola Razr ခေါက်ဖုန်းမှာ သေးငယ်တဲ့ 2,510mAh ဘက်ထရီကိုပဲ အသုံးပြုထားပါတယ်။ 15W TurboPower အားအမြန်သွင်းစနစ် ပါဝင်တာကြောင့် အချိန်ခဏအတွင်း အားအပြည့်သွင်းနိုင်မှာပါ။ Android 9 Pie စနစ်နဲ့ပဲ ဖြစ်ကာ လိုအပ်တဲ့ Google ဝန်ဆောင်မှုတွေ တပါတည်း ပါဝင်ပြီးသား ဖြစ်ပါတယ်။
အရောင်ကတော့ Noir Black တရောင်တည်း ထုတ်သွားမယ်လို့ သိရပါတယ်။ ဈေးကွက်ထဲ ရောင်းချမယ့် ရက်ကို မကြာခင် ထပ်မံကြေညာဖို့ ရှိပါတယ်။
Ref: The Verge, Gizmochina