နိုင်ငံရပ်ခြားကို သွားရောက်လည်ပတ်တဲ့အခါ ကြုံတွေ့ရလေ့ရှိတဲ့ အခက်အခဲတခုက အဆိုပါတိုင်းပြည်ရဲ့ ဒေသန္တရဘာသာစကားတွေကို မှန်ကန်စွာ အသံမထွက်တတ်တာ ဖြစ်ပါတယ်။ တက္ကစီငှားစီးတဲ့အခါ ယာဉ်မောင်းကို ကိုယ်သွားချင်တဲ့နေရာ ပြောပြဖို့ အခက်ကြုံရတတ်သလို၊ ဒေသခံတွေကို လမ်းကြောင်းမေးတဲ့အခါမှာလည်း ကိုယ်လိုချင်တဲ့အဖြေရဖို့ အကြိမ်ပေါင်းများစွာ ကြိုးစားရတတ်ပါတယ်။
ဒါပေမယ့် နောက်ဆိုရင် ဘယ်နိုင်ငံသွားသွား ဒီလိုအခက်အခဲတွေ ကြုံရတော့မှာ မဟုတ်ပါဘူး။ ယနေ့မှာ Google က ဒေသခံဘာသာစကားအတိုင်း အသံထွက်နိုင်မယ့် လုပ်ဆောင်ချက်အသစ်တခုကို Maps မှာ ထည့်သွင်းပေးလိုက်ပါတယ်။ Google Translate ရဲ့ စွမ်းဆောင်ရည်ကို Maps မှာ ပေါင်းထည့်ပေးလိုက်တာလို့လည်း ဆိုနိုင်ပါတယ်။
နိုဝင်ဘာ ၁၅ ရက်နေ့က စတင်ပြီး Android နဲ့ iOS အသုံးပြုသူတိုင်း Google Maps အက်ပလီကေးရှင်းမှာ စပီကာပုံစံ Translate ဆိုတဲ့ ခလုတ်လေးတခုကို စတင် မြင်တွေ့ရမှာပါ။ လမ်း ဒါမှမဟုတ် အဆောက်အဦ တည်နေရာတခုကို ရှာဖွေတဲ့အခါ အဆိုပါ ခလုတ်ကို နှိပ်လိုက်တာနဲ့ ဒေသခံဘာသာစကားအတိုင်း Maps က အသံထွက်ပြောကြားပေးမှာ ဖြစ်ပါတယ်။
ကမ္ဘာလှည့်ခရီးသည်တွေအနေနဲ့ ကိုယ်သွားချင်တဲ့နေရာတခုကို ရှာဖွေမေးမြန်းရာမှာ ပိုမိုလွယ်ကူသွားမှာပါ။ အရင်လို Google Maps ကနေ Translate App ဆီ အသွားအပြန် လုပ်နေစရာ မလိုတော့ပါဘူး။ ယခုလုပ်ဆောင်ချက်ကို Android နဲ့ iOS က Maps App နှစ်ခုစလုံးမှာ ဒီလအတွင်း အပြီးသတ်ထည့်သွင်းပေးသွားမှာပါ။
ကိုယ့်ဆီမှာ အခုမရသေးဘူးဆိုရင် ရက်ပိုင်းလောက်ပဲ စောင့်ဖို့ လိုပါတယ်။ စတင်ထွက်ရှိချိန်မှာတင် ဘာသာစကား အမျိုး ၅၀ အထိ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ သိပ်မကြာခင်မှာ နောက်ထပ် ဘာသာစကားတွေ ထပ်မံထည့်သွင်းပေးသွားမယ်လို့ သိရပါတယ်။
စာသားကနေ အသံပြောင်းပေးမယ့် ဒီနည်းပညာဟာ သင့်ဖုန်းရဲ့ ဘာသာစကားကို အလိုအလျောက် သိရှိနိုင်တာကြောင့် သင့်အနေနဲ့ နေရာဒေသတခုကို အသံမထွက်တတ်ရင် အလိုလိုသိနေမှာပါ။ ဥပမာအားဖြင့် သင့်ဖုန်းမှာ English ဘာသာစကား ရွေးထားပြီး၊ ဂျပန်က နေရာတခုကို ရှာဖွေမယ်ဆိုရင် ဘေးမှာ စပီကာပုံလေး အလိုလိုပေါ်လာမှာ ဖြစ်ပါတယ်။
Google ဟာ Maps App ကို အခုနောက်ပိုင်းမှာ ပိုအားထည့်လုပ်ဆောင်နေပြီး၊ အသုံးဝင်တဲ့ လုပ်ဆောင်ချက်အသစ်တွေ တခုပြီးတခု ဆက်တိုက်ထည့်ပေးနေတာ တွေ့ရပါတယ်။ ယခုလုပ်ဆောင်ချက်ကလည်း Google Maps အားကိုးနဲ့ နိုင်ငံရပ်ခြားကို သွားရောက်လည်ပတ်မယ့်သူတွေအတွက် များစွာအကျိုးရှိစေမှာပါ။
Ref: Android Authority, Ars Technica
You may also like these stories:
Google Earth မှာ ကမ္ဘာ့နေရာတိုင်းရဲ့ အကွာအဝေးနဲ့ ဧရိယာတိုင်းနိုင်ပြီ
Google မှာ ဘတ်စ်ကား လူကြပ်၊ မကြပ် ကြည့်နိုင်တော့မည်
BBC က “Beeb” အမည်ရ ကိုယ်ပိုင်အသံ အထောက်အကူ စနစ်တခု ထုတ်ပေးမည်
Google Maps ကို ယှဉ်ပြိုင်မယ့် ကိုယ်ပိုင် မြေပုံဝန်ဆောင်မှုတခုကို Huawei ဖန်တီးနေ