ယခုအချိန်ဟာ ကမ္ဘာ့နိုင်ငံတိုင်း မျိုးဆက်သစ် 5G ကွန်ရက်ကို အမြန်ဆုံးလွှင့်တင်နိုင်ဖို့ အစွမ်းကုန် ကြိုးပမ်းနေကြချိန်ပါ။ အခုဆိုရင် တောင်ကိုရီးယား၊ အမေရိက၊ တရုတ် စတဲ့ ကမ္ဘာ့ထိပ်သီးနိုင်ငံအချို့မှာ 5G သုံးလို့တောင် ရနေပါပြီ။
ဒါပေမယ့် ဈေးကွက်ထဲမှာတော့ 5G သုံးနိုင်တဲ့ ပစ္စည်းဆိုလို့ သိပ်များများစားစား မရှိသေးပါဘူး။ အထူးသဖြင့် ဖုန်းဈေးကွက်မှာဆိုရင် 5G သုံးနိုင်တဲ့ စမတ်ဖုန်းက လက်ချိုးရေလို့ ရပါသေးတယ်။ ဝမ်းသာစရာသတင်းတခုက ရှေ့လာမယ့်နှစ်မှာတော့ ဒီအခြေအနေတွေ အားလုံး တိုးတက်ပြောင်းလဲသွားမှာပါ။
ပြီးခဲ့တဲ့တပတ်က ကျင်းပပြုလုပ်ခဲ့တဲ့ 2019 China Mobile ကမ္ဘာ့ပါတနာညီလာခံမှာ Xiaomi CEO ဖြစ်သူ လေကျွင်းက 5G ဖုန်းထုတ်မယ့် အစီအစဉ်အချို့ကို ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။ ကုမ္ပဏီအနေနဲ့ နောက်နှစ်ထဲမှာ 5G ဖုန်း အနည်းဆုံး ၁၀ လုံးလောက် ထုတ်ဖို့ ပြင်ဆင်ထားပါတယ်တဲ့။ ဒီ့ထက် စိတ်ဝင်စားစရာ ကောင်းတာက ဒီထဲမှာ မော်ဒယ်မြင့်ဖုန်းတွေချည်း မဟုတ်ဘဲ မော်ဒယ်လတ်ဖုန်းတွေလည်း ပါလာမှာပါ။
ယွမ် ၂,၀၀၀ (၂၈၅ ဒေါ်လာ) နဲ့အထက် Xiaomi ဖုန်းအားလုံး 5G ရမှာ ဖြစ်တယ်လို့ လေကျွင်းက အာမခံသွားခဲ့ပါတယ်။ ဒီတန်ဖိုးသင့် 5G ဖုန်းတွေကို ၂၀၂၀ ပထမနှစ်ဝက်အတွင်းမှာတင် ထုတ်ပေးသွားမယ်လို့လည်း သိရပါတယ်။
လက်ရှိအချိန်မှာ 5G ဖုန်းတလုံးက အနည်းဆုံး ဒေါ်လာ ၁,၀၀၀ လောက် ရှိနေတာကြောင့် Xiaomi ရဲ့ ၂၈၅ ဒေါ်လာဆိုတဲ့ ဈေးက မယုံနိုင်စရာပါပဲ။ ဒါပေမယ့် Xiaomi ဆိုတာ တန်ဖိုးနည်းဖုန်းတွေကြောင့် နာမည်ကြီးတဲ့ ကုမ္ပဏီတခု ဖြစ်တာကြောင့် လျော့တွက်လို့တော့ မရပါဘူး။ တကယ်ဆိုရင်တော့ မြန်မာငွေ ၄ သိန်းလောက်နဲ့ လူတိုင်း နည်းပညာသစ် 5G ဖုန်းတလုံး ကိုင်နိုင်မယ့် အခွင့်အရေးတခုပါ။
အခုဆို ထိပ်သီး Chipset ကုမ္ပဏီနှစ်ခုဖြစ်တဲ့ Qualcomm နဲ့ MediaTek တို့ကလည်း နောက်နှစ်ထဲမှာ မော်ဒယ်လတ် Mid-range ဖုန်းတွေအတွက် 5G Chipset တွေ ထုတ်ပေးဖို့ ရှိတယ်လို့ ကြေညာထားပြီးပါပြီ။ ဒီအတိုင်းဆို နောက်နှစ်ထဲမှာ Xiaomi အပြင် ကျန်ဖုန်းကုမ္ပဏီတွေရဲ့ တန်ဖိုးသင့် 5G ဖုန်းတွေကိုလည်း စတင်မြင်တွေ့ရနိုင်ပါတယ်။
Ref: Gizchina, Gizmochina
You may also like these stories:
Xiaomi က Mi CC ဖုန်းစီးရီးအသစ်ကို မိတ်ဆက်
108MP နဲ့ ကျောကင်မရာ ၅ လုံးပါ Mi CC9 Pro ကို Xiaomi မိတ်ဆက်
ဖိုင် အပြန်အလှန် ပေးပို့နိုင်တဲ့စနစ် ဖန်တီးရန် Xiaomi ၊ OPPO နဲ့ Vivo တို့ ပူးပေါင်း