Huawei Mate X ခေါက်ချိုးဖုန်းကို တရုတ်မှာ ဒေါ်လာ ၂,၄၀၀ နဲ့ စတင် ရောင်းချ
ရောင်းမယ်ဆိုပြီး အချိန်အတော်ကြာ ထုတ်မရောင်းနိုင်ဖြစ်နေတဲ့ Huawei Mate X ဖုန်း ဈေးကွက်ထဲ တကယ်ရောက်လာပါပြီ။ ဒီဖုန်းကို ယခုနှစ်၊ ဖေဖော်ဝါရီလဆန်းမှာ စတင် မိတ်ဆက်ပေးခဲ့ပြီး၊ မူလက ဇွန်လအတွင်း ရောင်းချမယ်လို့ စီစဉ်ထားခဲ့တာပါ။ ဒါပေမယ့် အကြောင်းအမျိုးမျိုးကြောင့် ဇွန်ကနေ စက်တင်ဘာ၊ ထို့နောက် နိုဝင်ဘာအထိ ရွှေ့ခဲ့ရပြီး၊ အခု နိုဝင်ဘာ ၁၅ ရက်နေ့ကျမှ တရားဝင် ရောင်းချပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။
အခြား ခေါက်ချိုးဖုန်းတွေနဲ့ မတူတာက Huawei Mate X မှာ ခေါက်ချိုးအသုံးပြုနိုင်တဲ့ စခရင်ကို ဖုန်းကိုယ်ထည် အပြင်ဘက်မှာ ထည့်ပေးထားတာပါ။ ခေါက်ထားချိန်မှာ အရှေ့ဘက်က ၆ ဒဿမ ၆ လက်မ စခရင် နဲ့ အနောက်ဘက်မှာ ၆ ဒဿမ ၃၈ လက်မ စခရင်နှစ်ခု ဖြစ်နေမှာပါ။ ဖြန့်သုံးမယ်ဆိုရင်တော့ ၈ လက်မအရွယ် တက်ဘလက် တလုံးလို သုံးနိုင်မှာ ဖြစ်ပါတယ်။
Huawei ကိုယ်တိုင်ထုတ် Kirin 980 Chipset ၊ 4,500mAh ဘက်ထရီနှစ်လုံးတို့ ပါဝင်ပါတယ်။ မျိုးဆက်သစ် 5G ကွန်ယက်လည်း အသုံးပြုနိုင်မှာပါ။ တရုတ်နိုင်ငံမှာ တန်ဖိုး ယွမ် ၁၆,၉၉၉ (ဒေါ်လာ ၂,၄၀၀) နဲ့ Huawei အွန်လိုင်းစတိုးကနေ ဝယ်ယူနိုင်ပါတယ်။
Huawei Mate X ဖုန်းကို တရုတ်ပြည်တွင်းမှာ စတင်ရောင်းချပြီးနောက် ၁ မိနစ်အတွင်း ရောင်းကုန်သွားခဲ့တယ်လို့ တရုတ် သတင်းမီဒီယာတွေက ဖော်ပြထားပါတယ်။ ဒါပေမယ့် အရေအတွက် ဘယ်လောက်ရောင်းချခဲ့ရလဲဆိုတာတော့
Samsung Galaxy Fold ကို နိုင်ငံတကာဈေးကွက်အချို့မှာ ဝယ်ယူနိုင်ပေမယ့် Huawei Mate X ကိုတော့ လောလောဆယ် တရုတ်မှာပဲ ဝယ်လို့ ရမှာပါ။ တခြားနိုင်ငံတွေမှာ ရောင်းဖို့ ရှိ၊ မရှိ မသိရသေးပါဘူး။ တခြားနိုင်ငံတွေရဲ့ 5G ကွန်ရက် အကောင်အထည်ဖော်မှုကို စောင့်ကြည့်ပြီး ဆုံးဖြတ်သွားမယ်လို့တော့ Huawei က အောက်တိုဘာလမှာ ပြောကြားခဲ့ဖူးပါတယ်။
ဒါ့အပြင် အမေရိကန်အစိုးရရဲ့ ကုန်သွယ်ရေးပိတ်ပင်မှုကို ခံနေရဆဲဖြစ်တာကြောင့် Huawei Mate X ဖုန်းမှာ Google ဝန်ဆောင်မှုနဲ့ Apps တွေလည်း ပါဝင်မှာ မဟုတ်ပါဘူး။ ဒါက တရုတ်နိုင်ငံတွင်းမှာ အကြောင်းမဟုတ်ပေမယ့် Google ဝန်ဆောင်မှုတွေကိုပဲ အဓိကထား အသုံးပြုနေတဲ့ ကမ္ဘာ့ဈေးကွက်မှာတော့ ရောင်းအားထိခိုက်စရာအချက်တခု ဖြစ်နေမှာပါ။
Ref: GSM Arena, The Verge