တန်ဖိုးသင့် စမတ်ဖုန်းတွေနဲ့ အချိန်တိုအတွင်း အောင်မြင်မှုရရှိခဲ့တဲ့ Realme အမှတ်တံဆိပ်က ယနေ့မှာ Realme 5s ဆိုတဲ့ မော်ဒယ်လတ် စမတ်ဖုန်းတလုံးကို အိန္ဒိယနိုင်ငံမှာ ထပ်မံ မိတ်ဆက်ပေးလိုက်ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လက မိတ်ဆက်ပေးခဲ့တဲ့ Realme ရဲ့ ပထမဆုံး ကျောကင်မရာ ၄ လုံးပါ စမတ်ဖုန်း “Realme 5” ကိုပဲ ကျောကင်မရာ စနစ်အသစ်နဲ့ အဆင့်မြှင့်တင်ပေးထားတာပါ။ ဒါ့အပြင် စိန်ပွင့်ပုံစံ ဒီဇိုင်းဖော်ထားတဲ့ ကျောဘက် ကိုယ်ထည်ကိုလည်း ခရမ်းရောင်နဲ့ အပြာရောင်အပြင် Crystal Red ဆိုတဲ့ အနီရောင် အသစ်နဲ့ပါ ရရှိနိုင်မှာ ဖြစ်ပါတယ်။
အရင် Realme 5 နဲ့ ယခု Realme 5s တို့မှာ အဓိကကွာခြားချက်က ကျောကင်မရာ ဆန်ဆာပါ။ အရင်မော်ဒယ်မှာလည်း ကျောကင်မရာ ၄ လုံးစနစ်ပဲ ဖြစ်ပေမယ့် အဓိကဆန်ဆာက 12MP ဆန်ဆာ ဖြစ်ပါတယ်။ ယခု Realme 5s မှာတော့ အဓိကဆန်ဆာကို Samsung ရဲ့ 48MP GM1 ဆန်ဆာအဖြစ် အဆင့်မြှင့်တင်ပေးထားပါတယ်။ ကျန် ကျောကင်မရာ ၃ လုံးကတော့ အတူတူပါပဲ။ ၁၁၉ ဒီဂရီ 8MP မြင်ကွင်းကျယ်ကင်မရာ၊ 2MP Macro ကင်မရာနဲ့ 2MP Depth ကင်မရာတို့ ဖြစ်ပါတယ်။
နောက်ထပ် ပြောင်းလဲမှု တခုကတော့ Realme 5s မှာ ရှေ့မျက်နှာပြင်ကို Gorilla Glass 3+ အကြမ်းခံမှန်သား အုပ်ပေးထားတာပါ။ ပြီးတော့ 3GB RAM မော်ဒယ် မရှိတော့ဘဲ အနိမ့်ဆုံး 4GB RAM ကနေ စမှာ ဖြစ်ပါတယ်။ Storage ကိုတော့ 64GB နဲ့ 128GB နှစ်မျိုး ရွေးချယ်နိုင်မှာပါ။
Realme 5s ရဲ့ ကျန် အချက်အလက်တွေကတော့ အရင်မော်ဒယ်နဲ့ သိပ်ကွာခြားမှု မရှိပါဘူး။ ၆ ဒဿမ ၅ လက်မအရွယ် HD+ LCD မျက်နှာပြင်၊ Snapdragon 665 SoC ၊ 5,000mAh ဘက်ထရီနဲ့ ကျောဘက် လက်ဗွေရာဆန်ဆာတို့ကိုပဲ ပြန်လည် အသုံးပြုထားပါတယ်။ ကြီးမားတဲ့ 5,000mAh ဘက်ထရီက တခါအားသွင်းပြီးရင် YouTube ၁၉ နာရီလောက် ဆက်တိုက်ကြည့်နိုင်တယ်လို့ ကုမ္ပဏီက ပြောကြားထားပါတယ်။
Android 9 Pie OS အခြေခံ ColorOS 6 နဲ့ပဲ ထွက်ရှိလာမှာ ဖြစ်ပါတယ်။ SIM ကတ် နှစ်ကတ်အပြင် microSD ကတ်တကတ်ပါ ထည့်သွင်းအသုံးပြုနိုင်ပါတယ်။
Realme 5s စမတ်ဖုန်းကို အိန္ဒိယနိုင်ငံမှာ Flipkart ဝဘ်ဆိုဒ်ကနေ နိုဝင်ဘာ ၂၉ ရက်နေ့အတွင်း စတင်ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။ 64GB မော်ဒယ်ကို ရူပီး ၉,၉၉၉ (၁၃၉ ဒေါ်လာ) နဲ့ 128GB မော်ဒယ်ကို ရူပီး ၁၀,၉၉၉ (၁၅၃ ဒေါ်လာ) ဈေး သတ်မှတ်ထားပါတယ်။
Ref: XDA Developer, Gizmochina