ထရမ့်အစိုးရက ကုန်သွယ်မှု ပိတ်ပင်ထားတဲ့ တရုတ်နည်းပညာကုမ္ပဏီ Huawei ကို နိုဝင်ဘာလ ၁၈ ရက်နေ့က ယာယီလိုင်စင် သက်တမ်း ၃ လ ထပ်တိုးပေးလိုက်ပါတယ်။ ယခု ခွင့်ပြုမိန့်ကြောင့် ဆက်သွယ်ရေးကုမ္ပဏီတွေအနေနဲ့ ဝေးလံ ခေါင်းပါးတဲ့ အမေရိကန်ဒေသတွေမှာ သုံးစွဲသူတွေကို ဆက်လက် ဝန်ဆောင်မှုပေးနိုင်မှာ ဖြစ်တယ်လို့ အမေရိကန်ကုန်သွယ်ရေးဝန်ကြီး Wilbur Ross က ပြောကြားခဲ့ပါတယ်။
အခုလို တတိယအကြိမ်မြောက် လိုင်စင်သက်တမ်း တိုးပေးလိုက်တာကြောင့် Huawei နဲ့ လက်တွဲလုပ်ကိုင်ချင်တဲ့ အမေရိကန်ကုမ္ပဏီတွေ အနေနဲ့လည်း ၂၀၂၀ ခုနှစ်၊ ဖေဖော်ဝါရီလ ၁၆ ရက်အထိ လွတ်လပ်စွာ ကူးသန်းရောင်းဝယ်ခွင့် ဆက်လက် ရရှိသွားမှာပါ။ သို့ပေမယ့် အမေရိကန်နိုင်ငံ လုံခြုံရေးကို ထိပါးမှု မရှိနိုင်တဲ့ ထုတ်ကုန်ပစ္စည်းတွေကိုပဲ ရောင်းဝယ်ဖောက်ကားခွင့် ပြုထားပါတယ်။
အမေရိကန်အစိုးရက Huawei ဟာ တရုတ်အစိုးရနဲ့ ပတ်သတ်မှု မကင်းတာကြောင့် နိုင်ငံလုံခြုံရေး ထိပါးနိုင်တယ်ဆိုပြီး စိုးရိမ်မှုနဲ့ ပြီးခဲ့တဲ့မေလမှာ ကုန်သွယ်မှု ပိတ်ပင်တဲ့ စာရင်းထဲ စတင် ထည့်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် Huawei ထံက ဝန်ဆောင်မှု ရယူထားသူတွေကို ထိခိုက်မှု မရှိအောင် ငဲ့ညာတာကော၊ အမေရိကန်ဆက်သွယ်ရေး ကုမ္ပဏီတွေ လုပ်ငန်းဆက်လက် လည်ပတ်နိုင်စေဖို့ အတွက်ပါ အမိန့်ချပြီး သိပ်မကြာခင်မှာပဲ ယာယီလိုင်စင် ပြန်ထုတ်ပေးခဲ့ပါတယ်။
ယခုတကြိမ်က အဆိုပါ ယာယီလိုင်စင်ကို တတိယအကြိမ်မြောက် သက်တမ်းတိုးပေးလိုက်တာပါ။ နောက်နှစ်၊ ဖေဖော်ဝါရီ ၁၆ ရက်အထိ အကျုံးဝင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် Huawei ကတော့ အခုလို လိုင်စင်သက်တမ်း တိုးပေးလိုက်ပေမယ့် ဒါက ကုမ္ပဏီရဲ့ စီးပွားရေးလုပ်ငန်းတွေအပေါ် ပြောပလောက်အောင် သက်ရောက်မှုရှိမှာ မဟုတ်ကြောင်း ပြန်လည် တုံ့ပြန်ခဲ့ပါတယ်။
“ဒီဆုံးဖြတ်ချက်က Huawei ကို နောက်လည်း တရားမျှတမှု မရှိစွာ ဆက်ဆံဦးမယ်ဆိုတဲ့ အမှန်တရားကိုတော့ ပြောင်းလဲပစ်နိုင်မှာ မဟုတ်ပါဘူး” လို့ တရုတ်နည်းပညာကုမ္ပဏီ Huawei က ဝေဖန်ပြောကြားခဲ့ပါတယ်။
တနှစ်ကျော် ကြာမြင့်နေပြီဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်အကြား ကုန်သွယ်ရေးစစ်ပွဲ ပြေလည်မှုရရှိဖို့ ကြိုးစားနေချိန်မှာ ထရမ့်အစိုးရက တရုတ်နည်းပညာကုမ္ပဏီ Huawei ကို ထပ်မံ သက်တမ်းတိုးပေးလိုက်တာ ဖြစ်ပါတယ်။ ဘေဂျင်းအစိုးရကလည်း အမေရိကန်အနေနဲ့ တရုတ်ကုမ္ပဏီတွေကို တရားမျှတစွာ ဆက်ဆံပေးဖို့ မျှော်လင့်ကြောင်း နိုဝင်ဘာလ ၁၉ ရက်နေ့မှာ ပြောဆိုခဲ့ပါတယ်။
“အမေရိကန်အနေနဲ့ နိုင်ငံလုံခြုံရေးလို့ ကင်ပွန်းတပ်ပြီး သွင်းကုန်ထိန်းချုပ်မှု အခွင့်အာဏာကို တလွဲအသုံးချကာ တိုင်းတပါး ကုမ္ပဏီလုပ်ငန်းတွေကို ခွဲခြားဆက်ဆံနေတာ ရပ်တန်းက ရပ်ဖို့ တိုက်တွန်းချင်ပါတယ်။ ကုန်သွယ်ရေးပြဿနာကို နိင်ငံရေးပြဿနာ မလုပ်ဖို့လည်း အကြံပြုချင်ပါတယ်”လို့ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Geng Shuang က ပြောကြားခဲ့ပါတယ်။
Ref: Reuters, Financial Times
You may also like these stories:
Google အပြင် Intel နဲ့ Qualcomm တို့လည်း Huawei ကို ပိတ်ပင်
Facebook App တွေကို Huawei ဖုန်းတွေမှာ ကြိုတင် မထည့်ပေးရန် တားမြစ်
အမေရိကန် ကုမ္ပဏီတွေကို Huawei နဲ့ ကုန်သွယ်ခွင့်လိုင်စင် အမြန်ထုတ်ပေးသွားမည်