Samsung ရဲ့ ခေါက်ချိုးဖုန်းအသစ် “W20 5G” ကို တရုတ်နိုင်ငံမှာ ယနေ့ တရားဝင် မိတ်ဆက်ပေးလိုက်ပြီ ဖြစ်ပါတယ်။ ဒီဖုန်းဟာ Galaxy Fold ပြီးနောက် ကုမ္ပဏီရဲ့ ဒုတိယမြောက် ခေါက်ချိုးဖုန်းဖြစ်ပြီး၊ ဒီဇိုင်းကလည်း Galaxy Fold နဲ့ တထေရာတည်းပါပဲ။ ကောလာဟလတွေ ထွက်ခဲ့သလို ကိုယ်ထည် အလယ်ကနေ ဒေါင်လိုက်ချိုးချနိုင်တဲ့ ဒီဇိုင်းမျိုး မဟုတ်ပါဘူး။
Samsung W20 5G ဟာ Galaxy Fold ကိုပဲ မူလ အသွင်အပြင် မပျောက်စေဘဲ ဒီဇိုင်းပိုင်း အနည်းငယ် မွမ်းမံပြင်ဆင်ထားတဲ့ ဖုန်းတလုံးလို့ ဆိုနိုင်ပါတယ်။ ဖုန်းကိုယ်ထည် ထောင့်စွန်းတွေက Galaxy Fold နဲ့ ယှဉ်ရင် ပိုလေးထောင့်ကျသွားသလို ကိုယ်ထည် အပြင်ဘက်က သတ္တုသီးသန့် မဟုတ်တော့ဘဲ အဖြူဘောင် ကွပ်ပေးထားပါတယ်။
ပြီးတော့ မျက်နှာပြင်နှစ်ခုကို အလယ်ကနေ ဆက်ထားတဲ့ တွဲဆက်ကလည်း ပိုပြီး ထူထူထဲထဲ ဖြစ်သွားပါတယ်။ ဒါပေမယ့် Galaxy Fold အတိုင်း ခေါက်ထားရင် အပြင်မျက်နှာပြင်က ၄ ဒဿမ ၅ လက်မအရွယ် ရှိပြီး၊ ဖြန့်ထားရင် ၇ ဒဿမ ၃ လက်မအရွယ် တက်ဘလက်တလုံး ဖြစ်သွားမှာပါ။
အလားတူ Samsung W20 5G ရဲ့ ကျန်အချက်အလက်တွေကလည်း Galaxy Fold အတိုင်းပါပဲ။ အတွင်းမျက်နှာပြင် ညာဘက်အပေါ်ထောင့်မှာ 10MP နဲ့ 8MP ကင်မရာ ၂ လုံး၊ သူ့နောက်ကျောမှာ 12MP အဓိကကင်မရာ၊ 16MP မြင်ကွင်းကျယ်ကင်မရာနဲ့ 12MP တယ်လီကင်မရာ ၃ လုံး၊ ပြီးတော့ အပြင်မျက်နှာပြင်မှာ Selfie ရိုက်ကူးဖို့ 10MP ကင်မရာ ၁ လုံး၊ စုစုပေါင်း ကင်မရာ ၆ လုံးတိတိ ထည့်ပေးထားပါတယ်။
Galaxy Fold နဲ့ မဆိုစလောက် ကွာသွားတဲ့အချက်တခုကတော့ မူလဗားရှင်းမှာ သုံးခဲ့တဲ့ ရိုးရိုး Snapdragon 855 အစား Qualcomm ရဲ့ နောက်ဆုံးထုတ် Snapdragon 855+ Chipset ကို ပြောင်းလဲ အသုံးပြုထားတာပါ။ 12GB RAM နဲ့ 512GB Storage အထိ ပါဝင်မှာ ဖြစ်ပါတယ်။ ဘက်ထရီကတော့ Galaxy Fold ထက် အနည်းငယ်သေးတဲ့ 4,235mAh ဘက်ထရီ ဖြစ်သွားပါတယ်။
ကြိုးမဲ့အားသွင်းစနစ်၊ တခြားဖုန်းကို ကြိုးမဲ့အားပြန်သွင်းပေးနိုင်တဲ့ စနစ်တွေလည်း အသုံးပြုနိုင်မှာပါ။ W20 5G ဆိုတဲ့ နာမည်အတိုင်း 5G လည်း ရပါတယ်။
Samsung W20 5G ကို တရုတ်ဈေးကွက်အတွက် ဦးတည်ထုတ်လုပ်ထားပြီး၊ China Telecom ကနေပဲ တဦတည်း မူပိုင် ရောင်းချပေးသွားမှာပါ။ လာမယ့် ဒီဇင်ဘာလအတွင်း စတင် ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။
ရောင်းချမယ့်ရက်နဲ့ ဈေးနှုန်း အတိအကျကိုတော့ ထပ်မံ ကြေညာပေးသွားဖို့ ရှိပါတယ်။ Galaxy Fold ကို မွမ်းမံထားတဲ့ ဖုန်းဖြစ်တာကြောင့် လက်ရှိ Galaxy Fold ဈေး ဒေါ်လာ ၂,၂၇၀ ထက် ပိုများနိုင်ဖွယ် ရှိပါတယ်။
Ref: Pocket-Lint, Toms Guide