Amazon ရဲ့ ဂီတဝန်ဆောင်မှုဖြစ်တဲ့ Amazon Music ကို Android နဲ့ iOS မှာ အခမဲ့ နားဆင်နိုင်ပြီ ဖြစ်ပါတယ်။ Amazon အကောင့်တခု ရှိရုံနဲ့ သီချင်းအပုဒ်ရေ ၂ သန်းကျော်ကို အင်တာနက်ပေါ်ကနေ တိုက်ရိုက် နားဆင်ခံစားနိုင်မှာပါ။
Amazon Music ဝန်ဆောင်မှုဟာ အရင်က Prime မန်ဘာ ဝင်ထားသူတွေနဲ့ လစဉ်ကြေး ပေးသွင်းသူတွေပဲ ထုတ်ပေးထားတဲ့ ဂီတ ဝန်ဆောင်မှုပါ။ ဒါပေမယ့် ယခုနှစ်အစောပိုင်းမှာ Amazon က ဒီဝန်ဆောင်မှုကို ကြော်ငြာပါဝင်တဲ့ အခမဲ့ ဗားရှင်းဆိုပြီး စတင် ထုတ်ပေးခဲ့တာ ဖြစ်ပါတယ်။
စက်တိုင်းအတွက်တော့ မဟုတ်ဘဲ ကုမ္ပဏီထုတ် Echo စမတ်စပီကာတွေနဲ့ အခြား Alexa ထုတ်ကုန်တွေအတွက်ပဲ ထုတ်ပေးခဲ့တာပါ။ ယနေ့မှာတော့ Android နဲ့ iOS ဖုန်း၊ တက်ဘလက်တွေအပြင် Fire TV တွေအတွက်ပါ အခမဲ့ဗားရှင်း ထုတ်ပေးလိုက်တာ ဖြစ်ပါတယ်။ လောလောဆယ်တော့ အမေရိကန်၊ ဗြိတိန်၊ ဂျာမနီနဲ့ သြစတြီးယားတို့ကနေပဲ အသုံးပြုနိုင်မယ်လို့ သိရပါတယ်။
Amazon Music အခမဲ့ဗားရှင်းဟာ Spotify အခမဲ့ဗားရှင်းလိုပဲ ကြော်ငြာပါဝင်တာကြောင့် သီချင်းတပုဒ်နဲ့ တပုဒ်ကြား ကြော်ငြာလေးတွေတော့ နားထောင်ရမှာ ဖြစ်ပါတယ်။ ပြီးတော့ အခမဲ့ဗားရှင်း ဖြစ်တာကြောင့် မိမိကြိုက်နှစ်သက်ရာ သီချင်းနဲ့ အယ်လ်ဘမ်တွေကို ရွေးချယ် ဖွင့်နိုင်မှာ မဟုတ်ပါဘူး။
သီချင်း၊ ဂီတပညာရှင်၊ ခေတ်နဲ့ သီချင်း အမျိုးအစားအလိုက် ခွဲခြားထားတဲ့ ထောင်ပေါင်းများစွာသော စတေရှင်တွေ၊ Playlists တွေကနေ နားထောင်ရမှာ ဖြစ်ပါတယ်။ ကြော်ငြာလည်းကင်းချင်၊ သီချင်းလည်း ကြိုက်ရာ နားထောင်ချင်ရင်တော့ လစဉ်ကြေး ဒါမှမဟုတ် Prime မန်ဘာဝင်ထားဖို့ လိုအပ်ပါတယ်။
Amazon ဘက်က ဒီဂီတဝန်ဆောင်မှုကို အခမဲ့ ပေးလိုက်တယ် ဆိုပေမယ့် အခပေး ဝန်ဆောင်မှုတွေ ဖြစ်တဲ့ Spoitfy တို့ Apple Music တို့မှာလည်း ထိခိုက်နစ်နာမှုတွေ ရှိမှာတော့ မဟုတ်ပါဘူး။ တခြား အခပေး ဂီတ ဝန်ဆောင်မှုတွေနဲ့ ယှဉ်ရင် Amazon Music အခမဲ့ဗားရှင်းမှာ ပါတဲ့ သီချင်းအပုဒ်ရေ ၂ သန်းကျော်က နည်းပါသေးတယ်။
ဒါ့အပြင် ကြော်ငြာတွေလည်း ပါတာကြောင့် အနှောင့်အယှက်ကင်းကင်း နားထောင်ချင်ရင် Amazon Prime မန်ဘာဝင်ဖို့ လိုအပ်လာမှာပါ။ ဒါဟာ Amazon Prime ဆီ လူပိုရောက်လာဖို့ ဆွဲဆောင်တဲ့ ခြေလှမ်းတရပ်ဆိုလည်း မမှားပါဘူး။ ဒါကိုမှ တဆင့်တက်ပြီး နားထောင်ချင်ရင် သီချင်းအပုဒ်ရေ သန်း ၅၀ ကျော် ရှိတဲ့ Amazon Music Unlimited ကို ရွေးချယ်နိုင်ပါသေးတယ်။
Unlimited ကတော့ Prime မန်ဘာဝင်ထားသူဆို တလ ၇.၉၉ ဒေါ်လာ၊ ဒီတိုင်းဆို တလ ၉ ဒဿမ ၉၉ ဒေါ်လာပေးရမှာပါ။
Ref: Tech Crunch, Pocket Lint
You may also like these stories:
HongMeng OS ကို Huawei Mate 30 မှာ ပထမဆုံး အသုံးပြုဖွယ်ရှိ
အက်ရှင် ကင်မရာပါဝင်တဲ့ Motorola One Action စမတ်ဖုန်းကို မိတ်ဆက်
Messenger နဲ့ Facebook ကနေ အခမဲ့ ငွေလွှဲနိုင်တဲ့ Facebook Pay စနစ်ကို စတင် မိတ်ဆက်