ရှေ့ကင်မရာကို မျက်နှာပြင်မှာ အပေါက်ဖောက်ပြီး ထည့်သွင်းထားတဲ့ Punch-hole Display ဒီဇိုင်းကို စတင် မြင်တွေ့ခဲ့တာ အခုဆို တနှစ်ကျော် ကြာခဲ့ပါပြီ။ ဒါပေမယ့် အဆိုပါ ဒီဇိုင်းဟာ စမတ်ဖုန်း သီးသန့်လို ဖြစ်နေခဲ့ပြီး၊ တက်ဘလက်တွေဆီ ရောက်မလာခဲ့ပါဘူး။
ယနေ့မှာတော့ Huawei က ပထမဆုံးအကြိမ်အဖြစ် Punch-hole ဒီဇိုင်းကို “MatePad Pro” နဲ့ တက်ဘလက်ဈေးကွက်ဆီ ယူဆောင်လာပါပြီ။ တရုတ်နိုင်ငံမှာ နိုဝင်ဘာ ၂၅ ရက်နေ့က မိတ်ဆက်ပေးခဲ့တဲ့ Huawei MatePad Pro ဟာ iPad Pro ၊ Samsung Galaxy Tab S6 တို့နဲ့ တိုက်ရိုက် ယှဉ်ပြိုင်မယ့် မော်ဒယ်မြင့် တက်ဘလက် တလုံးဖြစ်ပြီး၊ လက်ရှိ Android တက်ဘလက်တွေထဲမှာ စွမ်းဆောင်ရည်အမြင့်ဆုံးလို့လည်း ဆိုနိုင်ပါတယ်။
Huawei MatePad Pro မှာ QHD ရုပ်ထွက်အရည်အသွေးရှိတဲ့ ၁၀ ဒဿမ ၈ လက်မ AMOLED မျက်နှာပြင်ကို အသုံးပြုထားပါတယ်။ မျက်နှာပြင်ဘောင်တွေက ၄ ဒဿမ ၉ မီလီမီတာပဲ ရှိတာကြောင့် စခရင်နဲ့ ကိုယ်ထည်အချိုးအစား ၉၀ ရာခိုင်နှုန်းအထိ ရှိတယ်လို့ Huawei က ဆိုပါတယ်။ ထူးခြားချက်က 8MP ရှေ့ကင်မရာကို မျက်နှာပြင်ညာဘက် အပေါ်ထောင့်မှာ အပေါက်ဖောက်ပြီး ထည့်သွင်းထားတာပါ။
MatePad Pro မှာ Huawei ကိုယ်တိုင်ထုတ် Kirin 990 SoC ကို အသုံးပြုထားပြီး၊ 6GB နဲ့ 8GB RAM မော်ဒယ် ၂ မျိုး ထုတ်သွားမှာပါ။ RAM အလိုက် Storage ကိုလည်း 128GB နဲ့ 256GB ဆိုပြီး ၂ မျိုး ရမှာ ဖြစ်ပါတယ်။ Storage ထပ်တိုးဖို့အတွက် NanoSD ကတ်အပေါက်လည်း ပါဝင်ပါတယ်။ ထုံးစံအတိုင်း Wi-Fi သီးသန့် မော်ဒယ်နဲ့ SIM ကတ် ထည့်သုံးနိုင်တဲ့ LTE မော်ဒယ်ဆိုပြီး ၂ မျိုး ထုတ်ပေးသွားမှာ ဖြစ်ပါတယ်။
တက်ဘလက်ဖြစ်တာကြောင့် MatePad Pro မှာ 13MP ကျောကင်မရာ ၁ လုံးပဲ ထည့်သွင်းပေးထားပါတယ်။ M-Pencil Stylus အသုံးပြုနိုင်ပြီး၊ Stylus ကို တက်ဘလက်မှာ ကပ်ထားလိုက်ရုံနဲ့ ကြိုးမဲ့အားသွင်းပေးမှာ ဖြစ်ပါတယ်။ စပီကာ ၄ လုံး ကနေ ပတ်လည် အသံပြေးစနစ်လည်း ခံစားနိုင်မှာ ဖြစ်ပါတယ်။ USB Type C အပေါက်နဲ့ ဖြစ်ပြီး၊ လက်ဗွေရာဆန်ဆာနဲ့ 3.5mm ဂျက်ပင်ပေါက်တို့တော့ ပါဝင်မှာ မဟုတ်ပါဘူး။
ဆော့ဖ်ဝဲအနေနဲ့ Android 10 အခြေခံ EMUI 10 ကိုပဲ အသုံးပြုထားပါတယ်။ သို့ပေမယ့် လတ်တလော ထုတ်ထားတဲ့ Huawei ထုတ်ကုန်အသစ်တွေလိုပဲ Google Mobile Services တွေတော့ မပါလာပါဘူး။ အထောက်အပံ့ ပေးထားတဲ့ Huawei ဖုန်းတွေကို ယခု တက်ဘလက် မျက်နှာပြင်မှာ အချိန်နဲ့ တပြေးညီ ဆင့်ပွား အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ ဒါ့အပြင် ကီးဘုတ်တပ်ပြီး ကွန်ပျူတာတလုံးလို အသုံးချဖို့အတွက် Laptop Mode လည်း ထည့်သွင်းပေးထားပါတယ်။
ပြိုင်ဘက် တက်ဘလက်တွေနဲ့ ယှဉ်ရင် Huawei MatePad Pro ရဲ့ အားသာချက်တခုက ဘက်ထရီပါ။ ကြီးမားတဲ့ 7,250mAh ဘက်ထရီမှာ 40W SuperCharge အားအမြန်သွင်းစနစ် အပြင်၊ 15W ကြိုးမဲ့အားအမြန်သွင်းစနစ်၊ တခြားဖုန်း၊ တက်ဘလက် တလုံးကို ကြိုးမဲ့ အားပြန်သွင်းပေးနိုင်တဲ့ စနစ်တို့လည်း အသုံးပြုနိုင်ပါတယ်။
ဈေးနှုန်းအနေနဲ့ Huawei MatePad Pro အနိမ့်ဆုံးမော်ဒယ် 6GB/128GB Wi-Fi ဗားရှင်းကို ၃,၂၉၉ ယွမ် (၄၇၀ ဒေါ်လာ) သတ်မှတ်ထားပါတယ်။ LTE ဗားရှင်းလိုချင်ရင်တော့ အနိမ့်ဆုံးမော်ဒယ်ကို ၃,၇၉၉ ယွမ် (၅၄၀ ဒေါ်လာ) နဲ့ အမြင့်ဆုံးမော်ဒယ်ကို ၄,၄၉၉ ယွမ် (၆၄၀ ဒေါ်လာ) ပေးရမှာပါ။
ကီးဘုတ်နဲ့ Stylus ကတော့ သီးသန့် ထပ်ဝယ်ရမှာ ဖြစ်ပါတယ်။ အဖြူ၊ အနက်၊ အစိမ်းနဲ့ လိမ္မော် ၄ ရောင်ထဲက ကြိုက်နှစ်သက်ရာ ရွေးချယ်နိုင်မှာပါ။ ယနေ့ပဲ ကြိုတင်အော်ဒါမှာယူထားနိုင်ပြီ ဖြစ်ပြီး၊ တရုတ်ပြည်တွင်းမှာ ဒီဇင်ဘာ ၁၂ ရက်နေ့ စတင်ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။
လောလောဆယ်တော့ တရုတ်ဈေးကွက် သီးသန့်ပဲ ဖြစ်ပြီး၊ ပြည်ပနိုင်ငံတွေဆီ ရောက်၊ မရောက် မသိရသေးပါဘူး။ ယခု တက်ဘလက်ကိုပဲ ၂၀၂၀ အစောပိုင်းလောက်မှာ 5G ဗားရှင်း ထုတ်ဦးမယ်လို့ Huawei က ပြောကြားခဲ့ပါတယ်။
Ref: Gizmochina, GSM Arena