တရုတ်နိုင်ငံမှာ ယနေ့ ကျင်းပပြုလုပ်ခဲ့တဲ့ ထုတ်ကုန်သစ်မိတ်ဆက်ပွဲမှာ Honor က V30 နဲ့ V30 Pro စမတ်ဖုန်းမော်ဒယ်သစ် ၂ မျိုးကို မိတ်ဆက်ပေးလိုက်ပါတယ်။
Huawei အမှတ်တံဆိပ်ခွဲ Honor ရဲ့ ပထမဆုံး 5G ဖုန်းတွေ ဖြစ်ပြီး၊ အဆင့်မြင့်စွမ်းဆောင်ရည်တွေ အများအပြား ပါဝင်လာပါတယ်။ အရင် Honor V စီးရီးဖုန်းတွေအတိုင်း ကမ္ဘာ့ဈေးကွက်မှာ “View” စီးရီးအဖြစ် ရောင်းချသွားမယ်လို့ ခန့်မှန်းရပါတယ်။
မော်ဒယ်လတ်တန်းဝင် Honor V30 နဲ့ V30 Pro မှာ စွမ်းဆောင်ရည်မြင့် 7nm Kirin 990 Chipset အသစ် ကိုယ်စီနဲ့ ဖြစ်ပါတယ်။ Chipset တူပေမယ့် မဆိုစလောက် ကွာခြားချက်လေးတွေ ရှိပါတယ်။ Honor V30 က 7nm Kirin 990 Chipset ကို အရင် Balong 500 Modem နဲ့ တွဲဖက် အသုံးပြုထားတာ ဖြစ်ပြီး၊ Pro မော်ဒယ်က 5G Modem အသစ် ပါပြီးသား Kirin 990 5G နဲ့ ဖြစ်ပါတယ်။ Modem ကွာပေမယ့် မော်ဒယ်နှစ်မျိုးစလုံးကတော့ 5G သုံးနိုင်မှာပါ။
ကွာခြားချက်နောက်တခုက V30 မှာ 4,200mAh ဘက်ထရီ နဲ့ V30 Pro မှာက အနည်းငယ် ပိုသေးတဲ့ 4,100mAh ဘက်ထရီ ဖြစ်သွားတာပါ။ 40W အားအမြန်သွင်းစနစ် သုံးနိုင်တာခြင်းတော့ အတူတူပါပဲ။ ဒါပေမယ့် ကြိုးမဲ့အားသွင်းစနစ်ကတော့ V30 Pro သီးသန့်ပါ။
V30 Pro ဟာ ကြိုးမဲ့အားအမြန်သွင်းစနစ်ပါတဲ့ ပထမဆုံး Honor ဖုန်းလည်း ဖြစ်ပါတယ်။ ဒါ့အပြင် 27W မြန်နှုန်းမြင့်ကြိုးမဲ့အားသွင်းစနစ်၊ တခြားဖုန်းကို ကြိုးမဲ့အားပြန်သွင်းပေးနိုင်တဲ့ 7.5W Reverse Wireless Charging တို့လည်း V30 Pro မှာ ပါဝင်ပါတယ်။
V30 နဲ့ V30 Pro မှာ FHD+ အရည်အသွေးရှိ ၆.၅၇ လက်မအရွယ် IPS LCD မျက်နှာပြင်ကိုပဲ တူညီစွာ အသုံးပြုထားပါတယ်။ ရှည်လျားတဲ့ 20:9 အချိုးအစားနဲ့ ဖြစ်တာကြောင့် ဖုန်းကိုယ်ထည်ကော မျက်နှာပြင်ပါ အနည်းငယ် ရှည်လျားနေမှာပါ။
ရှေ့မျက်နှာပြင်မှာ ကင်မရာ ၂ လုံးတွဲ ထည့်ဖို့အတွက် ဘဲဥပုံသဏ္ဍာန် အပေါက် ဖောက်ထားပါတယ်။ ဒီထဲမှာတော့ ၁၀၅ ဒီဂရီ မြင်ကွင်းကျယ် ရိုက်ကူးနိုင်တဲ့ 32MP + 8MP ရှေ့ကင်မရာနှစ်လုံးတွဲကို တွေ့မြင်ရမှာပါ။ ဖုန်းနှစ်မျိုးစလုံးမှာ လက်ဗွေရာဆန်ဆာကို ဖုန်းကိုယ်ထည်ဘေးက ပါဝါခလုတ်မှာပဲ ပူးတွဲထည့်ပေးထားပါတယ်။
V30 နဲ့ V30 Pro မှာ စုစုပေါင်း ကျောကင်မရာ ၃ လုံး ပါဝင်တာခြင်းလည်း တူညီပေမယ့် အနည်းငယ်ကွာခြားမှု ရှိပါတယ်။ ကျောကင်မရာမှာ အဓိကကင်မရာက 40MP Sony IMX600 ဆန်ဆာတွေ ဖြစ်သော်ငြား Pro မော်ဒယ်က ပိုမိုမြန်ဆန်တဲ့ F/1.6 Lens နဲ့ ဖြစ်ပြီး၊ V30 ကတော့ F/1.8 Lens နဲ့ပါ။
ပြီးတော့ V30 Pro မှာ 12MP မြင်ကွင်းကျယ်ဆန်ဆာကို သုံးထားပြီး၊ V30 မှာတော့ 8MP မြင်ကွင်းကျယ်ဆန်ဆာကို အသုံးပြုထားပါတယ်။ ဒုတိယဆန်ဆာကတော့ 3x Optical Zoom ဆွဲနိုင်တဲ့ 8MP ဆန်ဆာ အတူတူပါပဲ။
Honor V30 နဲ့ V30 Pro ကို နောက်ဆုံးထွက် Android 10 OS အခြေခံ Magic UI 3.0 နဲ့ ထုတ်ပေးသွားမှာပါ။ တရုတ်ဈေးကွက် သီးသန့် ဖြစ်တာကြောင့် Google ဝန်ဆောင်မှုတွေတော့ ပါလာမှာ မဟုတ်ပါဘူး။ ဈေးနှုန်းအနေနဲ့ 6GB RAM နဲ့ 128GB Storage ပါ V30 အနိမ့်ဆုံးမော်ဒယ်ကို ၃,၂၉၉ ယွမ် (၃၇၀ ဒေါ်လာ)၊ 8GB နဲ့ 128GB ပါ အမြင့်ဆုံးမော်ဒယ်ကို ၃,၆၉၉ ယွမ် (၅၂၅ ဒေါ်လာ) သတ်မှတ်ထားပါတယ်။
V30 Pro ဆိုရင်တော့ 8GB/128GB ကို ၃,၈၉၉ ယွမ် (၅၅၀ ဒေါ်လာ) နဲ့ 8GB/256GB ကို ၄,၁၉၉ ယွမ် (ဒေါ်လာ ၆၀၀) ကျသင့်မှာပါ။ ဒီဇင်ဘာလအတွင်း စတင်ရောင်းချပေးသွားမှာပါ။ 5G သုံးနိုင်တဲ့ ဖုန်းတွေထဲမှာ ဒေါ်လာ ၅၀၀ အောက်က ရှားသေးတာကြောင့် 5G ကွန်ယက်သစ် ဦးဦးဖျားဖျား အသုံးပြုချင်သူတွေ သဘောတွေ့မှာပါ။
Ref: The Verge, Gizmochina, GSM Arena
You may also like these stories:
ဒီဇိုင်းအသစ်နဲ့ Huawei Mate 30 Series ကို မိတ်ဆက်
Punch-hole မျက်နှာပြင်နဲ့ MatePad Pro တက်ဘလက်ကို Huawei မိတ်ဆက်
Pop-up ရှေ့ကင်မရာနှစ်လုံး ပါဝင်တဲ့ ကမ္ဘာ့ပထမဆုံး စမတ်ဖုန်းကို Vivo မိတ်ဆက်