Huawei တည်ထောင်သူ Richard Yu က အမေရိကန်ရဲ့ ကုန်သွယ်ရေးပိတ်ပင်မှုကြောင့်သာ မဟုတ်ရင် ၂၀၁၉ ခုနှစ်မှာ Samsung ကို ကျော်တက်ပြီး အခုလောက်ဆို Huawei က ကမ္ဘာ့အကြီးဆုံး စမတ်ဖုန်းကုမ္ပဏီ ဖြစ်နေလောက်ပြီလို့ ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ဖော်ပြောကြားခဲ့ပါတယ်။
ဒီစကားကြောင့် အမေရိကန် ပိတ်ပင်မှုရှိနေသမျှ ကာလပတ်လုံး Huawei တော့ ကမ္ဘာ့နံပါတ် ၁ ဖုန်းကုမ္ပဏီ မဖြစ်နိုင်တော့ဘူးလို့ အထင်ရောက်စရာပါ။
ဒါပေမယ့် ယနေ့ CNN နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ Richard Yu က Huawei အနေနဲ့ Google မပါရင်တောင် ကမ္ဘာ့ နံပါတ် ၁ ဖုန်းအမှတ်တံဆိပ် ဖြစ်နိုင်သေးကြောင်း ယုံကြည်ထားတယ်လို့ ထပ်မံ ပြောကြားလိုက်ပါတယ်။ Google မပါတာက ပြဿနာကြီး မဟုတ်ဘဲ၊ ကမ္ဘာ့နံပါတ် ၁ ဖြစ်ဖို့ အချိန် နည်းနည်း ပိုကြာသွားတာလောက်ပဲ ရှိမယ်လို့ Yu က ဆိုပါတယ်။
Google မပါတဲ့ အနာဂတ်အတွက် ကြိုတင်ပြင်ဆင်ထားတာ ရှိ၊ မရှိ မေးမြန်းခဲ့ရာမှာတော့ လက်ရှိအခြေအနေကို ဖြေရှင်းနိုင်ဖို့ စီမံချက်ကြီးကြီးတခု လုပ်ဆောင်နေကြောင်း Richard Yu က ပြန်လည်ဖြေကြားခဲ့ပါတယ်။ ပြီးခဲ့တဲ့ သြဂုတ်လတုန်းက မိတ်ဆက်ခဲ့တဲ့ ကုမ္ပဏီအပိုင် HarmonyOS ပလက်ဖောင်းကို ရည်ညွှန်းပြောဆိုပုံပါပဲ။
အခုဆို ကုမ္ပဏီရဲ့ ပထမဆုံး စမတ်တီဗီကိုလည်း HarmonyOS နဲ့ ထုတ်လုပ်ထားပြီး ဖြစ်ပါတယ်။ နောက်ပိုင်းထုတ် Huawei စမတ်ပစ္စည်းတွေမှာလည်း HarmonyOS ပဲ သုံးဖို့ စီစဉ်ပြီးသားပါ။
Huawei ဟာ HarmonyOS ကို စမတ်ဖုန်းတွေမှာ သုံးဖို့ အစီအစဉ်မရှိဘူးလို့ တော့ OS မိတ်ဆက်ပွဲတုန်းက ပြောကြားခဲ့ဖူးပါတယ်။ ဒါပေမယ့် အခုလို Android သုံးခွင့် ဆက်ပိတ်ခံထားရမယ်ဆိုရင်တော့ နောက်ပိုင်း နိုင်ငံတကာဈေးကွက်သွင်းမယ့် Huawei ဖုန်းတွေကိုလည်း HarmonyOS နဲ့ပဲ ထုတ်သွားဖို့ များပါတယ်။
အမေရိကန်အစိုးရက Huawei ကို ကုန်သွယ်ရေးပိတ်ပင်တဲ့စာရင်းထဲ သွင်းလိုက်တာကြောင့် Google အပါအဝင် အမေရိကန်နည်းပညာကုမ္ပဏီအမြောက်အများ Huawei နဲ့ လက်တွဲဖြုတ်ခဲ့ကြတာ အခုဆို ၆ လကျော် ကြာမြင့်ခဲ့ပါပြီ။ လတ်တလောမှာ Huawei နဲ့ စီးပွားရေးလုပ်ကိုင်ချင်တဲ့ အမေရိကန်ကုမ္ပဏီတွေကိုတော့ ယာယီလိုင်စင်လျှောက်ထားခွင့် ပေးထားပါတယ်။
သို့ပေမယ့် ယခုအချိန်ထိ Google ဘက်က Huawei ကို လိုင်စင်ပြန်မချပေးသေးတာကြောင့် နောက်ပိုင်းထုတ် Huawei ဖုန်းသစ်တွေမှာ Google Apps နဲ့ Services တွေ ပါမလာသေးပါဘူး။ Huawei နဲ့ ကုန်သွယ်ခွင့်လိုင်စင်ကို Google ဘက်က “ယတိပြတ်” ငြင်းဆိုခဲ့တာ ဟုတ်၊ မဟုတ်လည်း သူသေချာ မသိရကြောင်း Richard Yu က ပြောကြားခဲ့ပါတယ်။
ယခုကိစ္စအပေါ် Google ဘက်က တုံ့ပြန်တာမျိုး မရှိသေးပေမယ့်၊ Huawei ကတော့ ဖြစ်နိုင်ရင် Google နဲ့ပဲ လက်တွဲချင်ကြောင်း မကြာခဏ ထုတ်ပြောနေကြပါ။
Google နဲ့ အနာဂတ်မရေရာမှုတွေ ရှိနေပေမယ့် လွန်ခဲ့တဲ့အပတ်မှာတော့ Microsoft အပါအဝင် အမေရိကန်ကုမ္ပဏီအချို့ဟာ အမေရိကန်ကုန်သွယ်ရေးဝန်ကြီးဌာနကနေ Huawei ထံ ဆော့ဖ်ဝဲသွင်းခွင့် ယာယီလိုင်စင် တွေ ရရှိခဲ့ကြောင်း ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဒါကြောင့် အခုနောက်ဆုံးမိတ်ဆက်ထားတဲ့ Huawei Matebook D လက်ပ်တော့အသစ်တွေမှာ Windows 10 OS ကို ပြန်လည်မြင်တွေ့ရဖွယ် ရှိနေပါပြီ။
Ref: CNN, Gizmochina
You may also like these stories:
5G အသုံးပြုနိုင်သည့် တန်ဖိုးသင့် V30 စမတ်ဖုန်းတွေကို Honor မိတ်ဆက်
Punch-hole မျက်နှာပြင်နဲ့ MatePad Pro တက်ဘလက်ကို Huawei မိတ်ဆက်