IT

ခေတ်မီဆန်းသစ်အောင် ပြင်ဆင်ပြီး ဆွဲဆောင်လာကြတဲ့ ကိုရီးယားနိုင်ငံရဲ့ PC Bang ဆိုင်များ

ကိုရီးယားနိုင်ငံရဲ့ PC Bang (Internet Café) ဆိုင်တွေက အစားအစာ မှာယူတဲ့စနစ်ကို အဆင့်မြှင့်တင်လိုက် ပြီး လာရောက်အသုံးပြုသူတွေကို ဆွဲဆောင်လိုက်ပါတယ်။ လာရောက်သူအများစုက ဂိမ်းဆော့သူတွေဖြစ်ပြီး ပုံ မှန် တပတ်ကို ၂ ကြိမ်လောက် လာလေ့ရှိတယ်လို့ ဆိုပါတယ်။

အင်တာနက်လာသုံးသူတွေ အစားအသောက်မှာတဲ့အခါ အဆင်ပြေအောင် ကွန်ပျူတာပေါ်ကနေပဲ Order Food ဆိုတာကို Click တချက်နှိပ်လိုက်ရုံနဲ့ မှာစားချင်တဲ့အစားအစာတွေကို ထိုင်ရာကမထ မှာယူစားသောက် နိုင်တာပါ။

“ကျနော် PC Bang မှာ ဂိမ်းတခါ လာဆော့ပြီဆိုရင် နာရီနဲ့ချီ အကြာကြီး ကစားတတ်ပါတယ်။ ညဉ့်နက်လို့ ဗိုက်ဆာလာ ရင်လည်း ကင်မ်ချီထမင်းကြော် ကြက်ဥနဲ့ရယ် ဆိုဒါတဘူးမှ ကိုရီးယားဝမ် တသောင်းတောင် မရှိ ဘူးဆိုတော့ တော်တော် အဆင်ပြေပါတယ်။ ပြီးတော့ ကိုယ်သုံးနေတဲ့ ကွန်ပျူတာကနေပဲ လှမ်းမှာလိုက်လို့ ရတယ်လေ” လို့ PC Bang ပုံမှန် သွားနေကျ အသက် ၃၅ နှစ်အရွယ် ကုမ္ပဏီဝန်ထမ်းတဦးက ဆိုပါတယ်။

လက်ရှိမှာတော့ တနေရာတည်း ဂိမ်းဆော့ဖို့၊ တယောက်နဲ့တယောက်တွေ့ဆုံ စားသောက်နိုင်တဲ့ နေရာတခု ဖြစ်လာတာ ကြောင့် အရင်ထက် PC Bang အရေအတွက် ပိုများလာပါတယ်။ ကိုယ်ပိုင်အခန်းထဲမှာ ဆော့လို့ လည်းရသလို ဆေးလိပ်သောက်ခွင့်လည်းရှိတယ်၊ ဗိုက်ဆာလာရင် ထိုင်ရာကမထ ခေါက်ဆွဲတဘူးမှာစားရုံ ပဲလို့ Online Games လာဆော့သူတွေက ဆိုပါတယ်။

PC ဆိုင်တွေမှာတော့ အသင့်စား ခေါက်ဆွဲဘူးတွေနဲ့ ရယ်ဒီမိတ်တွေကနေ အခုခါမှာတော့ Lunch Box တွေ အပြင် လူကြိုက်များတဲ့ တော့ပုကီ၊ ပါစတာ၊ ဟမ်ဘာဂါ၊ ကြက်ကြော်စတဲ့ အစားအသောက်အမျိုးပေါင်း ၁၀၀ ကျော်ထိ မှာယူစားသောက်နိုင်အောင်ပြင်ဆင်ထားတယ်လို့ ဂန်နမ်မှာ ကွန်ပျူတာ အလုံး ၁၁၀ ကျော်နဲ့ ဖွင့် လှစ်ထားတဲ့ PC & Cook ဆိုင်က ပိုင်ရှင် ဟွန်ဂျီယောင်းက ဆိုပါတယ်။

“အရင်က PC Bang အဟောင်းဆိုင်ကို ပြန်ပြင်ပြီး ကျန်းမာရေးနဲ့ညီညွတ်တဲ့ အစားအစာတွေကိုပါ ထပ်ဖြည့်ပေး ထားတယ်။ ဒီဆိုင် ၂၄ နာရီလည်ပတ်ဖို့အတွက် အဆိုင်း ၃ ဆိုင်းခွဲပြီး ၈ နာရီအလှည့်ကျနဲ့ အစားအသောက် ချက်ပြုတ်ပြင်ဆင်နိုင်ဖို့ ဝန်ထမ်းတွေ ငှားထားပါတယ်” လို့ သူက ဆိုပါတယ်။

Youtube Creators တွေဆိုလည်း အစားအသောက်မျိုးစုံရတဲ့ PC Bang တွေဆီသွားပြီး သူတို့ရဲ့ နာမည်ကြီး အစားအစာတွေကို စားပြတဲ့ ဗီဒီယိုတွေကို ပျမ်းမျှကြည့်ရှုသူ ၃ သန်းကျော်လောက် စိတ်ဝင်တစားကြည့်လာ ကြတာကြောင့်လည်း PC Bang တွေဘက်က အစားအသောက်စနစ်ကို အပြိုင်အဆိုင် အဆင့်မြင့်တင်ဖို့ ကြိုး စားလာကြတာပါ။

PC Bang ယဉ်ကျေးမှုဟာ ကိုရီးယားနိုင်ငံမှာ ၁၉၉၈ ခုနှစ်မှာစတင်ခဲ့တယ်ဆိုပေမယ့် ၂၀၀၀ ပြည့်နှစ် နောက်ပိုင်းမှ ခေတ်စားလာကာ ၂၀၀၉ ခုနှစ်မှာတော့ နိုင်ငံတဝှမ်းမှာ PC Bang ပေါင်း ၂၁,၀၀၀ ကျော် ရှိလာခဲ့ပေမယ့် ၂၀၁၃ ခုနှစ်မှာ အစိုးရက ဆေးလိပ်မသောက်ရ ဥပဒေထုတ်ပြန်လိုက်တာကြောင့် သုံးစွဲသူ အရေအတွက် ကျဆင်းသွားခဲ့ပြီး ၂၀၁၅ ခုနှစ်မှာ ဆိုင်ပေါင်း ၁၁,၀၀၀ ကျော်ပဲ ကျန်ရှိခဲ့ပါတယ်။ ၂၀၁၇ ခုနှစ် နောက်ပိုင်းမှာတော့ PC Bang တွေကို အဆင့်မြင့်တင်လာကြတာကြောင့် သုံးစွဲသူပြန်လည် များပြားလာ ခဲ့ပါတယ်။

“ဂိမ်းဆော့နေတုန်းမှာ အစားအစာ လွယ်လွယ်ကူကူနဲ့ မှာနိုင်အောင် လုပ်ပေးထားရင် လာဆော့သူတွေကို အချိန်ကြာကြာ ဆွဲဆောင်ထားနိုင်တာပဲလေ။ ဒါ့ပြင် အသစ်အသစ်သော Online Games တွေ ထည့်ထားနိုင်ဖို့ လည်း လိုတာပေါ့” လို့ KCCA မှ တာဝန်ရှိသူတဦးဖြစ်တဲ့ ဆောင်ယိုဆပ်က ဆိုပါတယ်။

Ref: Yonhap News

Loading