ဖုန်းအသုံးပြုသူတွေကို မျက်နှာနဲ့တကွ မှတ်ပုံတင်ထားမယ့် ဥပဒေသစ်တခု တရုတ်နိုင်ငံမှာ စတင် ပြဋ္ဌာန်းလိုက်ပြီ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၁ ရက်နေ့ကစပြီး SIM ကတ်အသစ် ဝယ်ယူသူတိုင်း သက်သေခံကတ်ပြားအပြင် မိမိမျက်နှာကိုပါ Scan ဖတ်ကာ တရုတ်အစိုးရထံ ပေးအပ်သွားရတော့မှာပါ။
ယခု စည်းကမ်းချက်အသစ်ဟာ ဆိုက်ဘာ နယ်ပယ်အတွင်း နိုင်ငံသားတွေရဲ့ အခွင့်အရေးနဲ့ ရပိုင်ခွင့်ကို ကာကွယ်ပေးဖို့ ဖြစ်ကြောင်း တရုတ်နိုင်ငံ စက်မှုနဲ့ သတင်းအချက်အလက် နည်းပညာ ဝန်ကြီးဌာနရဲ့ အမိန့်ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဒီ့မတိုင်ခင်က တရုတ်နိုင်ငံမှာ မိမိ SIM ကတ်ကို မှတ်ပုံတင်မယ်ဆိုရင် နိုင်ငံသား စိစစ်ရေးကတ်ပြား ဒါမှမဟုတ် ပတ်စ်ပို့ တခုခု ပေးသွင်းဖို့ပဲ လိုအပ်ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ စက်တင်ဘာလမှာတော့ SIM ကတ်အသစ် မှတ်ပုံတင်သူတွေကို မျက်နှာဖတ် နည်းပညာအပြင် အခြားနည်းပညာတွေနဲ့ပါ တိုက်ဆိုင်စစ်ဆေးသွားဖို့ တယ်လီကွန်း ကုမ္ပဏီတွေထံ အစိုးရက စတင် ညွှန်ကြားခဲ့ပါတယ်။
ဒီဇင်ဘာ ၁ ရက်နေ့မှာတော့ ကုမ္ပဏီတိုင်း SIM ကတ်အသစ် ဝယ်ယူသူတွေကို မျက်နှာနဲ့ မှတ်ပုံတင်ထားဖို့ အိုင်တီဝန်ကြီးဌာနက တရားဝင် အမိန့်ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။ ဒီဇင်ဘာ ၁ ရက်နေ့ နောက်ပိုင်း SIM ကတ်အသစ် မှတ်ပုံတင်သူတွေပဲ မိမိမျက်နှာကို Scan ဖတ် ပေးပို့ရမှာပါ။ ဒီ့မတိုင်ခင် မှတ်ပုံတင်ပြီးသားလူတွေတော့ အကျုံးမဝင်ပါဘူး။
မျက်နှာစစ်ဆေး ဖတ်ရှုမှု နည်းပညာနဲ့ ဒီနည်းပညာကို အစိုးရဌာနတွေမှာ အသုံးချနေမှုအပေါ် အပြစ်မြင်သူတွေကတော့ တရုတ်အစိုးရရဲ့ စည်းကမ်းချက်အသစ်ဟာ လူ့အခွင့်အရေး ချိုးဖောက် ကျူးကျော်တဲ့ ထောက်လှမ်းရေး ပုံစံတမျိုး ဖြစ်တယ်လို့ ဝေဖန်ပြောကြားခဲ့ပါတယ်။ အခုဆို ဒီအငြင်းပွားဖွယ်ရာ မျက်နှာဖတ် နည်းပညာဟာ အမေရိကန်နိုင်ငံရဲ့ ဥပဒေစိုးမိုးရေးလုပ်ငန်း အဖွဲ့အစည်းတွေမှာလည်း တစတစ နေရာယူလာပြီ ဖြစ်တယ်လို့ ဝေဖန်သူတွေက ပြောကြားခဲ့ပါတယ်။
“မျက်နှာဖတ် နည်းပညာဟာ တကယ့်ကို ထူးခြား ကြောက်မက်ဖွယ်ရာ ထောက်လှမ်းရေးပုံစံ တမျိုးပါပဲ။ အုပ်ချုပ်သူ အစိုးရတွေအနေနဲ့ ပြည်သူလူထု တရပ်လုံးကို အမြဲတစေ ကျူးကျော် စောင့်ကြည့်ထောက်လှမ်းတာမျိုး လုပ်ဆောင်နိုင်အောင် လမ်းဖွင့်ပေးလိုက်သလိုပါပဲ” အကျိုးအမြတ် မမျှော်ကိုးတဲ့ ဒီဂျစ်တယ် အခွင့်အရေး ထောက်ခံရေးအဖွဲ့အစည်း Fight for the Future ရဲ့ လက်ထောက်ဒါရိုက်တာဖြစ်သူ Evan Greer က ABC News ကို မှတ်ချက်ပေးပြောကြားခဲ့ပါတယ်။
“ဒီလို နည်းပညာမျိုးက လူထုကို လုံခြုံစိတ်ချမှု ပိုမိုပေးစွမ်းနိုင်ကြောင်း သက်သေ အထောက်အထားရယ်လို့ မရှိပါဘူး။ အာဏာရှင်ဆန်ဆန် ထိန်းချုပ်မှုအတွက်ကတော့ အကောင်းဆုံးနည်းလမ်းပါပဲ” လို့ Greer က ဆိုပါတယ်။
မျက်နှာဖတ် နည်းပညာအပေါ် ကမ္ဘာတလွှား ဝေဖန်မှုတွေ ရှိနေပေမယ့် တရုတ်နိုင်ငံတွင်းမှာတော့ ဒီနည်းပညာ အသုံးပြုမှုက တဖြည်းဖြည်း ပိုမိုတွင်ကျယ်လာပြီ ဖြစ်ပါတယ်။ အခုဆို အလယ်တန်းကျောင်းတွေကနေ ပွဲလမ်းသဘင်ကျင်းပရာ ခန်းမတွေနဲ့ အများပြည်သူသုံး သယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေမှာပါ မျက်နှာဖတ် စက်ကိရိယာတွေကို တွင်ကျယ်စွာ အသုံးချလျက်ပါတယ်။
ဒီလို နယ်ပယ်ပေါင်းစုံမှာ အသုံးချနေပေမယ့် အခုအချိန်ထိ မျက်နှာဖတ် နည်းပညာအပေါ် ခိုင်ခိုင်မာမာ စည်းကမ်း သတ်မှတ် ထိန်းချုပ်ထားတာမျိုး မရှိသေးတဲ့အပေါ် တရုတ်ပြည်သူအများစုက မကျေမနပ်ဖြစ်နေကြတယ်လို့ သိရပါတယ်။
Ref: Gizmochina, ABC News, The Guardian
Yo may also like these stories:
တရုတ်နိုင်ငံမှာ ကြယ်အဆင့် ဟိုတယ်တွေကနေ ဝင်ငွေ ယွမ် ၉၃ ဘီလီယံကျော် ရရှိ
တရုတ်နိုင်ငံမှာ “အွန်လိုင်းဂိမ်းများကို ညမဆော့ရ” အမိန့် ထုတ်ပြန်
တရုတ်နိုင်ငံမှာ ခရီးသွားလုပ်ငန်း အေဂျင်စီပေါင်း ၃ သောင်းကျော်ရှိနေ