ဂျာမနီ ဆက်သွယ်ရေး ကုမ္ပဏီကြီးတခုဟာ နိုင်ငံတွင်း 5G ကွန်ရက် တည်ဆောက်ရာမှာ ပါဝင်ကူညီဖို့အတွက် Huawei ကို ရွေးချယ်လိုက်ပါတယ်။ လုံခြုံရေး အန္တရာယ်ရှိနိုင်ကြောင်း အမေရိကန်အစိုးရဘက်က သတိပေးတားမြစ်မှုတွေ ရှိနေချိန်မှာ ထိပ်သီး ဂျာမနီဆက်သွယ်ရေး ကုမ္ပဏီတခု ဖြစ်တဲ့ Telefornica Germany က Huawei နဲ့ သဘောတူစာချုပ် ချုပ်ဆိုလိုက်တာပါ။
5G ကွန်ရက်သစ် စီမံကိန်းအတွက် လိုအပ်တဲ့ အခြေခံပစ္စည်းတွေကို Huawei ကို တာဝန်ယူ ထောက်ပံ့ပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ နိုင်ငံရေးအရ အရေးကြီးတဲ့ လက်တွဲမှုလည်း ဖြစ်တာကြောင့် ဂျာမနီအစိုးရထံက ခွင့်ပြုမိန့် ရရှိဖို့ လိုအပ်နေဆဲ ဖြစ်ပါတယ်။
ဂျာမနီနိုင်ငံရဲ့ ဒုတိယမြောက်အကြီးဆုံး ဆက်သွယ်ရေးကုမ္ပဏီ Telefornica Germayn က ယခု စီမံကိန်းမှာ Huawei အပြင် ဖင်လန်အခြေစိုက် Nokia ကုမ္ပဏီကိုလည်း တန်းတူလုပ်ပိုင်ခွင့် အပ်နှင်းကာ ခေါ်ယူထားတယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။။
ဒီကုမ္ပဏီနှစ်ခုဟာ “အစဉ်အလာမပျက် ဗျူဟာမြောက်မိတ်ဖက်တွေ” ဖြစ်ကြောင်းလည်း သတင်းထုတ်ပြန်ချက်မှာ ညွှန်းဆိုထားတာ တွေ့ရပါတယ်။ ကုမ္ပဏီအနေနဲ့ 5G ကွန်ရက် အဆင့်မြှင့်တင်မှုကို လာမယ့် နှစ်အတွင်း စတင် ဆောင်ရွက်သွားမှာ ဖြစ်ပြီး ၂၀၂၂ နှစ်ကုန်မှာ မြို့ပေါင်း ၃၀ လောက်ကို ကွန်ရက် ဖြန့်ကျက်ပေးနိုင်ဖို့ မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။
ယခု သဘောတူညီမှုဟာ မဟာမိတ်နိုင်ငံတွေကို Huawei ဆက်သွယ်ရေးပစ္စည်းတွေ မသုံးရေး ဦးဆောင်လှုံ့ဆော်နေတဲ့ အမေရိကန် အစိုးရအတွက်တော့ ဘဝင်မကျစရာ သတင်းတပုဒ် ဖြစ်နေမှာပါ။
ထရမ့်အစိုးရဟာ Huawei ပစ္စည်းတွေကို ဘေဂျင်းအစိုးရဘက်က သူလျှိုလုပ်ငန်းအတွက် အသုံးပြုနိုင်ကြောင်း စိုးရိမ်ချက်နဲ့ Huawei ကို နိုင်ငံတော်လုံခြုံရေးအန္တရာယ်ရှိ စာရင်းထဲ သွင်းထားဆဲ ဖြစ်ပါတယ်။ Huawei ဘက်ကတော့ အမေရိကန်ရဲ့ စွပ်စွဲချက်တွေကို ထပ်တလဲလဲ ငြင်းဆိုထားပါတယ်။
ဒါ့အပြင် အမေရိကန်အစိုးရရဲ့ သတိပေးချက်တွေနဲ့ ပတ်သတ်ပြီး ကမ္ဘာ့နိုင်ငံအသီးသီးမှာလည်း Huawei အပေါ် အမြင်မျိုးစုံ ကွဲပြားလျက်ရှိတယ်လို့ သိရပါတယ်။ လက်ရှိအချိန်ထိတော့ နိုင်ငံတွင်း 5G ကွန်ရက်တွေမှာ Huawei ပစ္စည်းမသုံးဖို့ လုံးဝ ပိတ်ပင်ထားတဲ့ နိုင်ငံဆိုလို့ ဂျပန်နဲ့ သြစတြေးလျ နှစ်နိုင်ငံပဲ ရှိဦးမှာပါ။ ဗြိတိန်ကတော့ အပြီးသတ်ဆုံးဖြတ်ချက်ချဖို့ စောင့်ဆိုင်းနေဆဲ ဖြစ်ပါတယ်။ အခြားဥရောပနိုင်ငံတွေထဲမှာလည်း Huawei ကို တရားဝင် ပိတ်ပင်ထားတဲ့ နိုင်ငံရယ်လို့ မရှိသေးပါဘူး။
အာရှနိုင်ငံတွေထဲမှာတော့ ကမ္ဘာ့အစောဆုံး 5G ရ တောင်ကိုရီးယားနိုင်ငံမှာ ဆက်သွယ်ရေးကုမ္ပဏီတခုဟာ Huawei 5G ပစ္စည်းတွေကို အသုံးပြုတယ်လို့ သိရပါတယ်။ ထိုင်းနဲ့ အိန္ဒိယနိုင်ငံတွေမှာလည်း Huawei နဲ့ လက်တွဲကာ 5G ကွန်ရက်သစ်တွေ စမ်းသပ်နေပြီ ဖြစ်ပါတယ်။
5G အကောင်အထည်ဖော်နေဆဲ ဗီယက်နမ်မှာတော့ တရားဝင် ပိတ်ပင်ထားခြင်း မရှိပေမယ့် Ericsson နည်းပညာတွေပဲ အသုံးပြုလျက်ရှိကြောင်း သိရှိရပါတယ်။ လက်ရှိ မြန်မာနိုင်ငံရဲ့ 5G ကွန်ရက် တည်ဆောက်မှုမှာလည်း Huawei နဲ့အတူ ပူးပေါင်း လုပ်ဆောင်မှုတွေ ရှိသလို၊ တရုတ်ဆက်သွယ်ရေး ကုမ္ပဏီဖြစ်တဲ့ ZTE နဲ့လည်း အော်ပရေတာ တချို့ ပူးပေါင်းပြီး 5G ကွန်ရက် စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပါသေးတယ်။
Ref: CNA, BBC, CNBC
You may also like these stories:
Google မပါလည်း ကမ္ဘာ့ နံပါတ် ၁ ဖြစ်နိုင်ကြောင်း Huawei တည်ထောင်သူ ပြောကြား
Punch-hole မျက်နှာပြင်နဲ့ MatePad Pro တက်ဘလက်ကို Huawei မိတ်ဆက်
အမေရိကန်အစိုးရက Huawei ကို ယာယီလိုင်စင် သက်တမ်း ၃ လ ထပ်တိုးပေး