တောင်ကိုရီးယား နည်းပညာကုမ္ပဏီ LG ရဲ့ နာမည်ကျော် Gram စီးရီး Laptop မော်ဒယ်အသစ်တွေ ထွက်ရှိလာပါပြီ။ ဗုဒ္ဓဟူးနေ့က မိတ်ဆက်ပေးခဲ့တဲ့ နောက်ဆုံးထုတ် Gram စီးရီးဟာ Laptop ဈေးကွက်ကို စံနှုန်းအသစ် ပြောင်းလဲသတ်မှတ်ပေးမယ့် Laptop တွေ ဖြစ်တယ်လို့ LG က ညွှန်းဆိုထားပါတယ်။
Gram 14 ၊ Gram 15 ၊ Gram 17 နဲ့ Gram 2-in-1 ဆိုပြီး စုစုပေါင်း မော်ဒယ် ၄ မျိုး မိတ်ဆက်ပေးခဲ့ပြီး၊ အားလုံး Intel ရဲ့ နောက်ဆုံးပေါ် 10th Gen CPU တွေနဲ့ ဖြစ်ပါတယ်။
LG Gram 14 နဲ့ Gram 2-in-1 တို့က ၁၅ လက်မ FullHD+ မျက်နှာပြင်တွေနဲ့ ဖြစ်ပါတယ်။ ကွာခြားချက်က 2-in-1 မော်ဒယ်က Gorilla Glass 6 မှန်သားအုပ် Touch မျက်နှာပြင် ဖြစ်သွားတာပါ။ Gram 15 မှာတော့ အနည်းငယ် ပိုကြီးတဲ့ ရုပ်ထွက်တူ ၁၅ ဒဿမ ၆ လက်မ မျက်နှာပြင်ကို အသုံးပြုထားပါတယ်။ အမြင့်ဆုံးမော်ဒယ် Gram 17 မှာတော့ QHD အထိ အရည်အသွေးရှိတဲ့ ၁၇ လက်မ မျက်နှာပြင် ဖြစ်သွားမှာပါ။
ထူးခြားချက်အနေနဲ့ အခြားမော်ဒယ်တွေနဲ့မတူ 16:10 မျက်နှာပြင် အချိုးအစားကို အသုံးပြုထားတာကြောင့် Gram 17 ရဲ့ ကိုယ်ထည်က အနည်းငယ် ပိုမို ရှည်လျားသွားပါတယ်။ ရုပ်သံဗီဒီယိုတည်းဖြတ်တာနဲ့ အလုပ်လုပ်ရာမှာ စခရင်နေရာ ပိုကျယ်သွားမှာ ဖြစ်တယ်လို့ LG က ဆိုပါတယ်။
မော်ဒယ်အားလုံးမှာ 10th Gen Intel Core Processors တွေကိုပဲ အသုံးပြုထားကာ၊ အမြင့်ဆုံး 24GB DDR4 RAM နဲ့ SSD M.2 နှစ်ကတ် အထိ စိုက်နိုင်မှာ ဖြစ်ပါတယ်။ Gram 14, 15 နဲ့ 17 တို့ကို UHD နဲ့ Intel Iris Plus Graphics ဆိုပြီး နှစ်သက်ရာ ရွေးချယ်နိုင်မယ်လို့ သိရပါတယ်။
Iris Plus GPU က ပိုမိုချောမွေ့သွက်လက်တဲ့ ဂိမ်းစွမ်းဆောင်ရည်ကို ပေးစွမ်းနိုင်မှာ ဖြစ်ပါတယ်။ Gram 2-in-1 ကိုတော့ Intel UHD မော်ဒယ်တမျိုးပဲ ထုတ်သွားမှာပါ။
ယခု Gram စီးရီး Laptop အသစ်တွေနဲ့ဆိုရင် သွားလေရာမှာ 4K ဗီဒီယိုတွေကို တည်းဖြတ်ပြင်ဆင်နိုင်မှာ ဖြစ်တယ်လို့ LG က အမွှမ်းတင်ထားပါတယ်။ အစွမ်းကုန် အသုံးပြုချိန်မှာတောင် ပင်မအပူချိန်ကို ထိန်းထားပေမယ့် Mega Cooling System လည်း တပ်ဆင်ထားတယ်လို့ သိရပါတယ်။
ပေါ့ပါးသေးငယ်တဲ့ ကိုယ်ထည်၊ အောက်ခံမီးလင်းကီးဘုတ် ကိုယ်စီနဲ့ လာမှာ ဖြစ်ပြီး၊ ဂျက်ပင်ပေါက်၊ USB Type-C ၊ USB Type 3.1၊ Wi-Fi 6၊ microUSD နဲ့ UFS ကတ်အပေါက်တွေလည်း အစုံအလင် ပါဝင်လာမှာ ဖြစ်ပါတယ်။ စစ်ဘက်ဆိုင်ရာသုံး MIL-STD-810G စံနှုန်းနဲ့ အညီ စမ်းသပ်ထုတ်လုပ်ထားတဲ့ Laptop တွေ ဖြစ်တာကြောင့် အကြမ်းခံနိုင်စွမ်းလည်း မြင့်မားမှာပါ။
ထပ်ဆောင်းစွမ်းဆောင်ရည်တွေဖြစ်တဲ့ DTS X Ultra အသံစနစ်၊ လက်ဗွေရာဆန်ဆာတွေလည်း အသုံးပြုနိုင်ဦးမှာ ဖြစ်ပါတယ်။ LG အနေနဲ့ ယခု Laptop အသစ်တွေကို ဇန်နဝါရီ ၇ ရက်နေ့ကနေ ၁၀ ရက်နေ့အထိ ကျင်းပမယ့် CES 2020 ပွဲမှာ ပြသသွားဖို့ စီစဉ်ထားပါတယ်။ ဈေးနှုန်းတွေကိုလည်း အဆိုပါပွဲမှာပဲ ကြေညာသွားမယ်လို့ ခန့်မှန်းရပါတယ်။
Ref: Gizmochina