Vivo ရဲ့ ကင်မရာအသားပေး X စီးရီး စမတ်ဖုန်းတွေ ပြန်လည်ထွက်ရှိလာပါပြီ။ တရုတ်နိုင်ငံမှာ ဒီဇင်ဘာ ၁၆ ရက်နေ့က မိတ်ဆက်ပေးခဲ့တာဖြစ်ပြီး၊ X30 နဲ့ X30 Pro လို့ အမည်ပေးထားပါတယ်။
ထူးခြားချက်ကတော့ 5G Modem တပါတည်း ပါဝင်တဲ့ Samsung Exynos 980 Chipset တွေကို အသုံးပြုထားတာပါ။ Samsung ကိုယ်တိုင် ဒီ Chipset နဲ့ ဖုန်းမထုတ်ရသေးတာကြောင့် Exynos 980 သုံး ပထမဆုံး ဖုန်းတွေဆိုလည်း မမှားပါဘူး။
မော်ဒယ်မြင့်တန်းဝင် Vivo X30 နဲ့ X30 Pro တို့ဟာ မော်ဒယ်ကွာပေမယ့် ဒီဇိုင်းကတော့ တပုံစံတည်းပါပဲ။ မျက်နှာပြင်မှာ အပေါက်ဖောက်ထားတဲ့ Punch-hole ဒီဇိုင်းကို အသုံးပြုထားပြီး၊ ဖုန်းရဲ့ ရှေ့ကော နောက်ပါ ဖန်သား အုပ်ပေးထားပါတယ်။ မျက်နှာပြင် ညာဘက်အပေါ်ထောင့်မှာ ထည့်သွင်းထားတဲ့ အပေါက်လေးက အချင်း ၂ ဒဿမ ၉၈ မီလီမီတာပဲ ရှိတာကြောင့် Screen အပြည့်အရသာကို အပြည့်အဝ ခံစားနိုင်မှာပါ။
Full HD ရုပ်ထွက်အရည်အသွေးရှိ ၆ ဒဿမ ၄၄ လက်မအရွယ် Super AMOLED Display နဲ့ ဖြစ်ပါတယ်။ မျက်နှာပြင်အောက် လက်ဗွေရာဆန်ဆာအပြင် မျက်နှာနဲ့ ဖွင့်နိုင်တဲ့ Face Unlock စနစ်လည်း ပါဝင်ပါတယ်။
အထက်မှာ ဆိုခဲ့တဲ့အတိုင်း Integrated 5G Modem အသင့်ပါ ပထမဆုံး Samsung Chipset Exynos 980 ကို ဖုန်းမော်ဒယ် ၂ မျိုးလုံးမှာ တွေ့မြင်ရမှာပါ။ ဒီ Chipset ကို Vivo နဲ့ Samsung တို့ ပူးပေါင်း ထုတ်လုပ်ထားတာ ဖြစ်တယ်လို့ သိရပါတယ်။
SA နဲ့ NSA 5G ကွန်ရက်တွေ အသုံးပြုနိုင်ပြီး၊ Download မြန်နှုန်း တစက္ကန့်ကို 2.55 Gigabit အထိ ပေးစွမ်းနိုင်ပါတယ်။ ဒါ့အပြင် 2.4GHz ၊ 5GHz နဲ့ 5.8GHz WiFi စနစ်၊ Bluetooth 5.0 ၊ NFC တို့လည်း အစုံအလင် ပါဝင်လာပါတယ်။ “Multi-Turbo 2.5” စနစ်က WiFi နှေးနေရင် 4G ဒါမှမဟုတ် 5G လိုင်းကို အလိုအလျောက် ပြောင်းပေးသွားမှာပါ။ 3.5mm နားကြပ်ပေါက်လည်း အစဉ်အလာမပျက် ပါဝင်လာသေးတာ တွေ့ရပါတယ်။
Vivo X30 နဲ့ X30 Pro မှာ Exynos 980 Octa-core Chipset ကို 8GB RAM နဲ့ တွဲဖက်ပေးထားပြီး၊ Storage ကိုတော့ 128GB နဲ့ 256GB နှစ်မျိုး ရွေးချယ်နိုင်ပါလိမ့်မယ်။ ကြီးမားတဲ့ 4,350mAh ဘက်ထရီ ကိုယ်စီနဲ့ ဖြစ်ကာ USB Type-C အပေါက်ကနေ 33W Flash Charge အားအမြန်သွင်းစနစ်လည်း အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
မကြာခင်ကမှ မိတ်ဆက်ပေးခဲ့တဲ့ Vivo ရဲ့ FunTouchOS 10 အသစ်နဲ့ ထွက်ရှိလာမှာပါ။ သို့ပေမယ့် Android 9 Pie ကိုပဲ အခြေခံထားပြီး Android 10 တော့ မဟုတ်သေးပါဘူး။
Vivo X30 နဲ့ X30 Pro မှာ အဓိက ကွာခြားချက်ကတော့ ကင်မရာတွေပါ။ X30 မှာ 64MP အဓိကကင်မရာ၊ 8MP မြင်ကွင်းကျယ်ကင်ရာနဲ့ ကြီးမားတဲ့ 32MP Professional Portrait ကင်မရာ ၁ လုံးတို့ကို ကျောဘက်မှာ တွဲလျက် ထည့်သွင်းပေးထားပါတယ်။
အလင်းနည်းချိန်မှာ ဗြောက်ထမှုကို သိသိသာသာ လျော့ချပေးနိုင်တဲ့ Super Night Scene Mode 2.0 လည်း ပါဝင်လာတယ်လို့ သိရပါတယ်။ ဒါ့အပြင် အဓိကကင်မရာနဲ့ Portrait ကင်မရာတို့ကို ပေါင်းစပ်ပြီး အသေးစိတ် ပိုမိုပြတ်သားတဲ့ ပုံတွေကို ရိုက်ကူးနိုင်တယ်လို့ Vivo က ပြောကြားထားပါတယ်။
Vivo X30 Pro မှာလည်း ကျောဘက် အဓိကကင်မရာက 64MP ဆန်ဆာ၊ 8MP မြင်ကွင်းကျယ်ဆန်ဆာနဲ့ 32MP Portrait Camera တို့ ပါပဲ။ ဒါပေမယ့် ကွာခြားချက်က 5x အထိ Optical Zoom ဆွဲနိုင်တဲ့ စတုတ္ထမြောက် 13MP ပယ်ရီစကုပ် ကင်မရာ ၁ လုံးကို ထပ်မံ ထည့်သွင်းပေးထားတာပါ။
ဒီ ပယ်ရီစကုပ်ကင်မရာကြောင့် ရိုးရိုးမော်ဒယ်ထက် ၃ ဆ ဝေးပြီး 60x အထိ Digital Zoom ဆွဲ ရိုက်ကူးနိုင်မှာ ဖြစ်ပါတယ်။ ရှေ့ကင်မရာကတော့ မော်ဒယ် နှစ်ခုလုံးမှာ 32MP ဆန်ဆာ တလုံးတည်း ပါပဲ။
ဈေးနှုန်းအနေနဲ့ Vivo X30 128GB မော်ဒယ်ကို ၃,၂၉၈ ယွမ် နဲ့ 256GB မော်ဒယ်ကို ၃,၅၉၈ ယွမ် သတ်မှတ်ထားပါတယ်။ ယနေ့ကစ ကြိုတင်မှာယူနိုင်ပြီ ဖြစ်ကာ၊ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ စတင် ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။
X30 Pro ကတော့ 128GB မော်ဒယ်ကို ၃,၉၉၈ ယွမ်နဲ့ 256GB မော်ဒယ်ကို ၄,၂၉၈ ဒေါ်လာ ရှိပါတယ်။ ရိုးရိုးမော်ဒယ်ထက် စောစီးစွာ ဒီဇင်ဘာ ၂၄ ရက်နေ့ မှာ စတင်ရောင်းချပေးသွားမယ်လို့ သိရပါတယ်။
Ref: Gizmochina, GSM Arena
You may also like these stories:
Super AMOLED မျက်နှာပြင်သုံး Vivo Z5 စမတ်ဖုန်းကို မိတ်ဆက်
ခလုတ်နဲ့ ဘေးဘောင် လုံးဝ မပါဝင်တဲ့ Vivo NEX 3 5G စမတ်ဖုန်းကို မိတ်ဆက်
Vivo က Samsung နဲ့ လက်တွဲကာ 5G စမတ်ဖုန်းတလုံး ထုတ်လုပ်မည်