အမေရိကန်အခြေစိုက် ကွန်ပျူတာနည်းပညာကုမ္ပဏီ Dell ရဲ့ ထုတ်ကုန်သစ် မိတ်ဆက်ပွဲအခမ်းအနားကို ရန်ကုန်မြို့၊ Melia ဟိုတယ်မှာ ဒီဇင်ဘာ ၁၈ ရက်နေ့က ပြုလုပ်ခဲ့ပါတယ်။
အဆိုပါပွဲမှာ နောက်ဆုံးပေါ် Intel 10th Gen Processors သုံး XPS 13 2-in-1 ထုတ်ကုန်သစ်နဲ့ အတူ Insprion စီးရီး Laptop မော်ဒယ်အသစ်များစွာကို ပြည်တွင်းဈေးကွက်အတွက် စတင် မိတ်ဆက်ပေးခဲ့ပါတယ်။ ယခုထုတ်ကုန်သစ်တွေကို ဒီဇိုင်းနဲ့ စွမ်းဆောင်ရည်ပိုင်း ကောင်းမွန်ဖို့ အာရုံစိုက် ထုတ်လုပ်ထားကြောင်း Dell က ပြောကြားခဲ့ပါတယ်။
Dell XPS 13 2-in-1 အသစ်
ထုတ်ကုန်အသစ်ဖြစ်တဲ့ Dell XPS 13 2-in-1 ကို 4K UHD Display ၊ နောက်ဆုံးပေါ် Intel 10th Gen Processors တွေနဲ့ ထုတ်လုပ်ထားပါတယ်။ အလူမီနီယမ်ကိုယ်ထည်၊ Gorilla Glass မှန်သားအုပ် မျက်နှာပြင်၊ ထူးခြားလှပတဲ့ Hinge ဒီဇိုင်းတွေနဲ့ တွေ့မြင်ရမှာပါ။ အလွယ်တကူ သယ်ဆောင်အသုံးပြုနိုင်ဖို့ ရည်ရွယ်ထုတ်လုပ်ထားပြီး၊ အရင် XPS မော်ဒယ်တွေအတိုင်း ပါးပါးလျလျ ကိုယ်ထည်နဲ့ပါပဲ။
ယခု Laptop ဟာ Dell ရဲ့ အသေးဆုံး ကွန်ပျူတာတလုံးလည်း ဖြစ်တယ်လို့ သိရပါတယ်။ မျက်နှာပြင်ကို ပိုမိုကျယ်ပြန့်တဲ့ 16/10 အချိုးအစား အသုံးပြုထားပြီး၊ ဘေးဘောင်တွေလည်း သေးငယ်မှာပါ။ ဒါ့အပြင် မျက်လုံးကို ဘေးဥပါဒ်ဖြစ်စေနိုင်တဲ့ Blue Light ထုတ်လွှတ်မှုကိုလည်း လျှော့ချပေးနိုင်တယ်လို့ သိရပါတယ်။
ကိုယ်ထည်သေးငယ်ပေါ့ပါးပေမယ့် အကောင်းဆုံးစွမ်းဆောင်ရည် ရရှိအောင် အဆင့်မြှင့်တင်ပေးထားတယ်လို့ ဆိုပါတယ်။ XPS 13 2-in-1 ဟာ စွမ်းဆောင်ရည်အပေါ် မူတည်ပြီး CPU စွမ်းဆောင်ရည်ကို ပြောင်းလဲပေးနိုင်တဲ့ နောက်ဆုံးပေါ် Intel Dynamic Tuning နည်းပညာပါတဲ့ ပထမဆုံး Laptop လည်း ဖြစ်တယ်လို့ သိရပါတယ်။
Intel 10th Gen Processors နဲ့ အဆင့်မြှင့်တင်ထားတဲ့ Inspirons မော်ဒယ်အသစ်များ
Dell ရဲ့ လူကြိုက်များတဲ့ Inspiron စီးရီးကိုလည်း နောက်ဆုံးပေါ် Intel 10th Gen Processors တွေနဲ့ အဆင့်မြှင့်တင် ထုတ်လုပ်ပေးလိုက်ပါတယ်။ အလူမီနီယမ် အဖုံးကာဗာ၊ ခေတ်မီဆန်းသစ်တဲ့ အရောင်အသွေးမျိုးစုံး၊ ကျယ်ဝန်းတဲ့ မျက်နှာပြင်၊ မြန်ဆန်စိတ်ချစွာ ဝင်ရောက်နိုင်ဖို့အတွက် လက်ဗွေရာဆန်ဆာ၊ အပူဒဏ်ခံနိုင်တဲ့ Hinge တွေ ပါဝင်လာမှာပါ။
အရွယ်အစားစုံ Inspiron 3000 နဲ့ 5000 စီးရီး Laptop မော်ဒယ်သစ်တွေအပြင် ၂၄ လက်မ Inspiron 25 500 All-in-One Computer ကိုလည်း မိတ်ဆက်ပေးခဲ့ပါတယ်။ မိမိလိုအပ်ချက်နဲ့ ကိုက်ညီတဲ့ မော်ဒယ်တွေကို စိတ်တိုင်းကျ ရွေးချယ်ဝယ်ယူနိုင်မှာ ဖြစ်တယ်လို့ ဆိုပါတယ်။
ယခု မိတ်ဆက်ပေးခဲ့တဲ့ Dell XPS နဲ့ Inspiron Laptop မော်ဒယ်အသစ်တွေကို ကုမ္ပဏီ အသိအမှတ်ပြု တရားဝင် အရောင်းကိုယ်စားလှယ်တွေကနေတဆင့် ဝယ်ယူရရှိနိုင်ပြီ ဖြစ်တယ်လို့ သိရပါတယ်။
You may also like these stories:
Intel 10th Gen CPU သုံး LG Gram Laptop မော်ဒယ်အသစ်များ မိတ်ဆက်
ကြီးမားတဲ့ ကိုယ်ထည်ပြည့် မျက်နှာပြင်နဲ့ Huawei P Smart Pro စမတ်ဖုန်း ထွက်ရှိ