၂၀၁၉ ဟာ ဖုန်းအသစ်ထွက်ရှိမှု အများဆုံးနှစ်တနှစ် ဆိုပေမယ့် ဖုန်းကုမ္ပဏီတွေအတွက်တော့ အကျိုးအမြတ် အများဆုံးနှစ်တနှစ် မဟုတ်ပါဘူး။ နာမည်ကြီးဈေးကွက်လေ့လာရေးကုမ္ပဏီ Counterpoint Research ရဲ့ အစီရင်ခံစာအရ ၂၀၁၉ တတိယသုံးလပတ် (Q3) အတွင်း ကမ္ဘာ့ဖုန်းဈေးကွက်ရဲ့ စုစုပေါင်းအမြတ်ငွေ ပမာဏဟာ ဒေါ်လာ ၁၂ ဘီလျံ ပဲ ရှိခဲ့တယ်လို့ သိရပါတယ်။ အရင်နှစ် Q3 နဲ့ ယှဉ်ရင် ၁၁ ရာခိုင်နှုန်းလောက် ကျသွားခဲ့တာပါ။
၂၀၁၉ မှာ ဖုန်းကုမ္ပဏီတိုင်းလိုလို ဝင်ငွေကျဆင်းနေပြီး၊ နှစ်အလိုက် ဝင်ငွေတိုးအောင် စွမ်းဆောင်နိုင်တာဆိုလို့ Samsung နဲ့ Huawei ပဲ ရှိခဲ့ပါတယ်။ သို့ပေမယ့် အမြတ်ငွေချင်း ယှဉ်မယ်ဆိုရင်တော့ Apple ကပဲ ပြိုင်ဘက်ကုမ္ပဏီတွေကို အပြတ်အသတ် ကျော်ဖြတ်ကာ ထိပ်ဆုံးက ဦးဆောင်လျက် ရှိပါတယ်။
Counterpoint အစီရင်ခံစာအရ Apple ဟာ ၂၀၁၉၊ တတိယသုံးပတ်မှာ ကမ္ဘာ့ဖုန်းဈေးကွက်အမြတ်ငွေစုစုပေါင်းရဲ့ ၆၆ ရာခိုင်နှုန်းအထိ (ဒေါ်လာ ၈ ဘီလျံခန့်) ကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။ Apple ရရှိတဲ့ အမြတ်ငွေက ဈေးကွက်တခုလုံးပေါင်း အမြတ်ငွေရဲ့ ၃ ပုံ ၂ ပုံလောက်အထိကို ရှိနေတာပါ။ ဒါကြောင့် ထုံးစံမပျက် အမြတ်အများဆုံး ကုမ္ပဏီအဖြစ် Apple ကပဲ ဆက်လက် ရပ်တည်နေပါတယ်။
စိတ်ဝင်စားစရာ ကောင်းတာတခုက တခြားကုမ္ပဏီတွေထက် အမြတ်ငွေ အပြတ်အသတ် ကွာနေပေမယ့် Apple ရဲ့ Q3 ကာလ ရောင်းအားဟာ ကမ္ဘာ့ဖုန်းဈေးကွက်ဝင်ငွေ စုစုပေါင်းရဲ့ ၃၂ ရာခိုင်နှုန်းပဲ ရှိခဲ့ပါတယ်။ အလားတူ ဖုန်းအလုံးရေ ရောင်းချရမှုပိုင်းမှာလည်း Apple ရဲ့ ဈေးကွက်ဝေစု က ၁၂ ရာခိုင်နှုန်းပဲ ရှိပါတယ်။
Apple အနေနဲ့လည်း ၎င်းရဲ့ ပစ္စည်းအချင်းချင်း အပြန်အလှန်ချိတ်ဆက်မှုစနစ် (Ecosystem) က ကောင်းမွန်တာကြောင့် နောက်နှစ်ပေါင်းများစွာအထိ ဝင်ငွေကော အမြတ်ပါ ဆက်လက် ကောင်းမွန်နေမယ်လို့ ယုံကြည်ထားကြောင်း ထုတ်ဖော်ပြောကြားထားပါတယ်။
သတိပြုစရာတခုက ယခု အစီရင်ခံစာဟာ ဒီဇင်ဘာ အားလပ်ရက် ရာသီ မတိုင်ခင် ဇူလိုင်ကနေ စက်တင်ဘာအထိ Q3 ကာလကိုပဲ ထည့်သွင်းတွက်ချက်ထားတာပါ။ လာမယ့် အားလပ်ရက် ရာသီက Apple ရဲ့ ရောင်းအား အကောင်းဆုံးအချိန် ဆိုတော့ လာမယ့် Q4 မှာ အခုထက် အမြတ်ငွေ ပိုတိုးနိုင်ခြေ ရှိပါသေးတယ်။ သာဓကအားဖြင့် ပြီးခဲ့တဲ့ ၂၀၁၈ Q4 မှာဆို ကမ္ဘာ့ဖုန်းဈေးကွက် အမြတ်ငွေစုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်းကို Apple က သိမ်းပိုက်နိုင်ခဲ့ပါတယ်။
Apple နောက်မှာတော့ Samsung က ဈေးကွက်အမြတ်ငွေ စုစုပေါင်းရဲ့ ၁၇ ရာခိုင်နှုန်းကို သိမ်းပိုက်ပြီး ဒုတိယနေရာကို ရယူထားပါတယ်။ အထူးသဖြင့် Galaxy A နဲ့ Note 10 စီးရီး စမတ်ဖုန်းတွေ ရောင်းအားကောင်းခဲ့တာကြောင့် ဖြစ်တယ်လို့ သိရပါတယ်။ ကျန်အမြတ်ငွေ အများဆုံး ကုမ္ပဏီတွေကတော့ Huawei ၊ Oppo ၊ Vivo နဲ့ Xiaomi တို့ပါ။
တရုတ်ဖုန်း ကုမ္ပဏီတွေ အနေနဲ့ တနှစ်ထက်တနှစ် အမြတ်ငွေ ခွဲတမ်း ပိုရအောင် စွမ်းဆောင်လာနိုင်တာ တွေ့ရတယ်လို့ Counterpoint ရဲ့ ဈေးကွက်သုတေသီ Karn Chauhan က သုံးသပ်ထားပါတယ်။
လာမယ့် ၂၀၂၀ ဟာ 5G စတင် ခေတ်စားလာမယ့်နှစ် ဖြစ်တာကြောင့် တရုတ် ကုမ္ပဏီတွေအနေနဲ့ သူတို့ထုတ်ကုန်တွေကို ပုံမှန်ထက် ဈေးပိုမြှင့်လာနိုင်မှာ ဖြစ်ပြီး၊ အမြတ်အစွန်းလည်း ပိုထွက်လာနိုင်ပါတယ်။
Ref: Gizmochina, GSM Arena, Counterpoint Research
You may also like these stories:
နှစ်ဖက် ချိုးနိုင်မည့် Apple ရဲ့ ခေါက်ချိုးဖုန်း
မောင်းသူမဲ့ကား Titan Project အတွက် Doug Field ကို Apple ကပြန်ခေါ်