IT

Huawei ရဲ့ Google အစားထိုး Apps များကို နှစ်သစ်ကူးအမီ ထုတ်ပေးမည်

၂၀၁၉ ခုနှစ်ဟာ Huawei ကုမ္ပဏီအတွက် အခက်အခဲများစွာ ရင်ဆိုင်ခဲ့ရတဲ့ နှစ်တနှစ်ပါ။ ယခုနှစ် အစောပိုင်းမှာ အမေရိကန်အစိုးရက Huawei ကို ကုန်သွယ်မှု ပိတ်ပင်ခဲ့တာကြောင့် မိတ်ဖက် အမေရိကန်ကုမ္ပဏီများစွာလည်း Huawei နဲ့ လက်တွဲဖြုတ်ခဲ့ကြပါတယ်။ အထူးသဖြင့် Android ဝန်ဆောင်မှုတွေ ထောက်ပံ့ပေးနေတဲ့ Google ၊ Windows စနစ်ပိုင်ရှင် Microsoft တို့နဲ့ လက်တွဲဖြုတ်ခဲ့ရတာက Huawei အတွက် အကြီးမားဆုံးနစ်နာမှုလို့ ဆိုရမှာပါ။

ဒီနောက်ပိုင်းထုတ်တဲ့ Huawei နဲ့ Honor ဖုန်းသစ်တွေဟာလည်း Play Store၊ Gmail၊ Maps စတဲ့ အဓိက Google Apps တွေ မပါတာကြောင့် ပြည်ပဈေးကွက်မှာ ဝယ်လိုအား ကျဆင်းခဲ့ရပါတယ်။ ဒီအတွက် Huawei ဟာ ၎င်းရဲ့ Android ဖုန်း၊ တက်ဘလက်တွေမှာ Google ဝန်ဆောင်မှု အစားထိုး Apps တွေကို အမြန်ဆုံးထုတ်ပေးနိုင်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

ယခု နှစ်သစ်ကူးအမီ ထုတ်ပေးဖို့ ရှိကြောင်း Huawei India CEO Charles Peng က Economic Times သတင်းဌာနကို ပြောကြားသွားခဲ့ပါတယ်။

“ကျနော်တို့မှာ ကိုယ်ပိုင်မိုဘိုင်းဝန်ဆောင်မှု (HMS) ရှိပါတယ်။ စက်ပစ္စည်းအချင်းချင်း အပြန်အလှန် ဆက်သွယ်အသုံးပြုနိုင်တဲ့ Mobile Ecosystem တခုကိုလည်း လုပ်ဆောင်နေပါပြီ။ လမ်းညွှန်မှုစနစ်၊ ငွေပေးချေမှု၊Gaming ၊ စာပို့ စတဲ့ အဓိက Apps အများစုက ဒီဇင်ဘာအကုန်ဆို အဆင်သင့် ဖြစ်ပါပြီ”လို့ သူက ပြောကြားခဲ့ပါတယ်။

Google ဝန်ဆောင်မှုဆိုရာမှာ Google Play Games, Google Pay, YouTube နဲ့ အခြားအသုံးဝင် Apps ပေါင်းများစွာ ပါဝင်ပါတယ်။ Huawei အနေနဲ့ သူ့ဖုန်းတွေမှာ ဒီ Apps အကုန်လုံးကို တခြား အမျိုးအစားတူ Apps တွေနဲ့ ပြန်လည် အစားထိုးပေးဖို့ ဆန္ဒရှိနေပါတယ်။ လောလောဆယ်တော့ ထိပ်တန်း အိန္ဒိယ Apps ၁၅၀ ကို Huawei ရဲ့ App Gallery မှာ ထည့်သွင်းဖို့ကို အိန္ဒိယ Developers တွေနဲ့ ဆွေးနွေးလျက် ရှိတယ်လို့ သိရပါတယ်။

Huawei အနေနဲ့ ကုမ္ပဏီထုတ် ဖုန်းတွေမှာ ကိုယ်ပိုင် မိုဘိုင်းဝန်ဆောင်မှု (HSM) ပေးအပ်မယ်ဆိုရင် Google အစားထိုး Apps တွေအပြင် အခြား နာမည်ကြီး Apps တွေ Features တွေကိုလည်း စုံလင်စွာ ထည့်ပေးဖို့ လိုအပ်မှာပါ။

လောလောဆယ်တော့ Huawei ရဲ့ ကိုယ်ပိုင် App Store မှာ ကမ္ဘာအနှံ့ လူသုံးများတဲ့ Facebook, Instagram စတဲ့ လူမှုကွန်ရက် Apps တွေ ပါဝင်ခြင်း မရှိပါဘူး။ Huawei ကတော့ HMS အတွက် ဒေါ်လာ ၁ ဘီလျံလောက် အကုန်အကျခံသွားမှာ ဖြစ်ကြောင်း ပြောကြားထားပါတယ်။

Ref: GSM Arena, Gizmochina

You may also like these stories:

ကြီးမားတဲ့ ကိုယ်ထည်ပြည့် မျက်နှာပြင်နဲ့ Huawei P Smart Pro စမတ်ဖုန်း ထွက်ရှိ

Google မပါလည်း ကမ္ဘာ့ နံပါတ် ၁ ဖြစ်နိုင်ကြောင်း Huawei တည်ထောင်သူ ပြောကြား

Punch-hole မျက်နှာပြင်နဲ့ MatePad Pro တက်ဘလက်ကို Huawei မိတ်ဆက်

Loading