IT

5G အသုံးပြုနိုင်တဲ့ OPPO Reno 3 နဲ့ Reno 3 Pro စမတ်ဖုန်းများ မိတ်ဆက်

Want create site? Find Free WordPress Themes and plugins.

ကမ္ဘာ့နိုင်ငံအချို့မှာ 5G ကွန်ရက်သစ်တွေ စတင် ရရှိလာတာနဲ့အတူ 5G စမတ်ဖုန်းတွေလည်း ဈေးကွက်တွင်း တွေ့မြင်လာရပြီ ဖြစ်ပါတယ်။ ယနေ့မှာလည်း ထိပ်သီး စမတ်ဖုန်း ကုမ္ပဏီတခု ဖြစ်တဲ့ OPPO က 5G အသုံးပြုနိုင်တဲ့ Reno 3 နဲ့ Reno 3 Pro အမည်ရ ဖုန်းသစ် ၂ လုံးကို မိတ်ဆက်ပေးလိုက်ပါတယ်။

OPPO Reno စီးရီးရဲ့ တတိယမြောက် မျိုးဆက်ဖြစ်ကာ အရင် Reno 2 နဲ့ ၂ လပဲ ခြားပြီး အသစ် ထုတ်လုပ်လိုက်တာ ဖြစ်ပါတယ်။ ပါးလျတဲ့ ကိုယ်ထည်၊ ကြီးမားတဲ့ မျက်နှာပြင်နဲ့ ကျောကင်မရာ ၄ လုံးတို့ ပါဝင်တဲ့ မော်ဒယ်လတ်တန်းဝင် 5G ဖုန်းအသစ်တွေပါ။

OPPO ဟာ အရင် Reno စီးရီးတွေမှာ ထူထူထဲထဲ ကိုယ်ထည်တွေကို အသုံးပြုခဲ့ပေမယ့် ယခု Reno 3 စီးရီးမှာတော့ ပါးလျ၊ ပေါ့ပါးတဲ့ ကိုယ်ထည်ကို ပြောင်းလဲအသုံးပြုထားပါတယ်။ ၃၆၀ ဒီဂရီ ပတ်လည် အင်တာနာဒီဇိုင်းကို အသုံးပြုထားတာကြောင့် ဖုန်းကို ဘယ်အနေအထားနဲ့ ဆုပ်ကိုင်ထားတာ ဖြစ်ပါစေ လိုင်းဆွဲအား တည်ငြိမ် ကောင်းမွန်တယ်လို့ ကုမ္ပဏီက ပြောကြားထားပါတယ်။

Reno 3 Pro မော်ဒယ်က OLED မျက်နှာပြင်အကွေးနဲ့ ဖြစ်ပြီး ရိုးရိုး Reno 3 ကတော့ သာမန် OLED မျက်နှာပြင်နဲ့ပါ။ Pro မော်ဒယ်မှာ Snapdragon 765G Chipset နဲ့ ရိုးရိုးမော်ဒယ်မှာ MediaTek Dimensity 1000L Chipset အသစ်ကို အသုံးပြုထားပါတယ်။ Reno 3 ဟာ Dimensity 1000L Chipset သုံး ပထမဆုံးဖုန်းအဖြစ်လည်း မှတ်တမ်းဝင်သွားမှာပါ။

OPPO Reno 3 Pro

OPPO Reno 3 Pro မှာ 90Hz အထိ ဖော်ပြနိုင်တဲ့ ၆ ဒဿမ ၅ လက်မအရွယ် Full HD OLED မျက်နှာပြင်ကို အသုံးပြုထားပါတယ်။ Touch ဖမ်းယူနှုန်း 180Hz ရှိတဲ့ မျက်နာပြင် ဖြစ်တာကြောင့် ဂိမ်းဆော့၊ Touch အသုံးပြုရာမှာ ပိုမို တိကျမြန်ဆန်မှု ရှိမှာပါ။

ဒီဖုန်းမှာ အသုံးပြုထားတဲ့ Snapdragon 765G ဟာ 5G Modem အသင့်ပါတဲ့ ပထမဆုံး Qualcomm Chipset လည်း ဖြစ်ပါတယ်။ Download မြန်နှုန်း 3.7Gbps နဲ့ Upload မြန်နှုန်း 1.6Gbps အထိ ရရှိနိုင်ပါတယ်။ 5G ကွန်ရက် ချိတ်ဆက်အသုံးပြုချိန်မှာ ဘက်ထရီ သက်တမ်းကို ၃၀ ရာခိုင်နှုန်းအထိ တိုးမြှင့်ပေးနိုင်တဲ့ Smart 5G Mode လည်း ပါဝင်တယ်လို့ သိရပါတယ်။

Reno 3 Pro မှာ 32MP ရှေ့ကင်မရာ ၁ လုံးကို မျက်နှာပြင်မှာပဲ အပေါက်ဖောက် ထည့်သွင်းထားပါတယ်။ ကျောဘက်မှာတော့ ဒေါင်လိုက်အနေအထားနဲ့ ကင်မရာ ၄ လုံးတွဲကို တွေ့မြင်ရမှာပါ။ 48MP အဓိကကင်မရာ၊ 8MP မြင်ကွင်းကျယ်ကင်မရာ၊ 2MP Monochrome ကင်မရာနဲ့ 13MP Telephoto ကင်မရာတို့ ဖြစ်ပါတယ်။ 4,025mAh ဘက်ထရီ ပါဝင်ပြီး၊ 30W VOOC 4.0 အားအမြန်သွင်းစနစ်လည်း အသုံးပြုနိုင်ပါတယ်။

ဖုန်းအား ၀ (သုည) ကနေ ၅၀ ရာခိုင်နှုန်းကို မိနစ် ၂၀ အတွင်း အမြန်သွင်းပေးနိုင်တယ်လို့ ဆိုပါတယ်။ နောက်ဆုံးထုတ် Android 10 စနစ်အခြေခံ ColorOS 7 နဲ့ ထွက်ရှိလာမှာ ဖြစ်ပြီး၊ စတီရီယိုစပီကာတွေလည်း ပါဝင်လာပါတယ်။

OPPO Reno 3 Pro ကို အရောင်အားဖြင့် အဖြူ၊ အနက်၊ အပြာနဲ့ ဆည်းဆာရောင် ၄ မျိုး ထုတ်လုပ်သွားမှာ ဖြစ်ပါတယ်။ ဈေးကတော့ အနိမ့်ဆုံး 8GB RAM နဲ့ 128GB Storage ပါတဲ့ မော်ဒယ်ကို ယွမ် ၃,၉၉၉ (၅၇၀ ဒေါ်လာ) ကျသင့်မှာပါ။

12GB RAM နဲ့ 256GB Storage ပါတဲ့ အမြင့်ဆုံးမော်ဒယ်ဆိုရင်တော့ ဒေါ်လာ ၆၄၀ လောက် ပေးရပါလိမ့်မယ်။ ဒီဇင်ဘာ ၃၁ ရက်နေ့ကစပြီး ကြိုတင်မှာယူနိုင်ပြီ ဖြစ်ကာ တရုတ်နိုင်ငံတွင်း ဇန်နဝါရီ ၁၀ ရက်နေ့ စတင် ရောင်းချသွားမယ်လို့ ကြေညာထားပါတယ်။

OPPO Reno 3

ရိုးရိုးမော်ဒယ် Reno 3 ကလည်း ၆ ဒဿမ ၅ လက်မအရွယ် Full HD OLED မျက်နှာပြင်နဲ့ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ရှေ့ကင်မရာက မျက်နှာပြင်အပေါက်ထဲမှာ မဟုတ်တော့ဘဲ ရေစက်ပုံစံ Notch အတွင်း ရောက်သွားမှာပါ။ 32MP ဆန်ဆာတော့ အတူတူပါပဲ။

Reno 3 ရဲ့ ကျောကင်မရာကလည်း ၄ လုံး ဖြစ်ပေမယ့် Pro နဲ့ ကွာခြားမှုအချို့ရှိပါတယ်။ အဓိကကင်မရာက 64MP ဆန်ဆာဖြစ်သွားပြီး၊ 8MP မြင်ကွင်းကျယ်ကင်မရာ၊ Monochrome ဆန်ဆာ၊ Depth ကင်မရာတလုံးတို့နဲ့ တွဲပေးထားပါတယ်။ Reno 3 က MediaTek Dimensity 1000L Chipset နဲ့ လာမှာပါ။

ဒီ Chipset ဟာ “ကမ္ဘာ့အမြန်ဆုံး sub-6GHz 5G SoC” လို့ MediaTek က ကြွေးကြော်ထားပါတယ်။ 2G ကနေ 5G အထိ ကွန်ရက်အစုံအလင် အသုံးပြုနိုင်ပြီး၊ အမြန်ဆုံးစွမ်းဆောင်ရည် 4.7Gbps အထိ ရရှိမှာ ဖြစ်ပါတယ်။ 4,025mAh ဘက်ထရီနဲ့ပဲ ဖြစ်ကာ VOOC 4.0 အားအမြန်သွင်းစနစ်လည်း အသုံးပြုနိုင်မှာပါ။ မျက်နှာပြင်အောက်လက်ဗွေရာဆန်ဆာ၊ ColorOS 7 တို့နဲ့ပဲ ထွက်ရှိလာမှာ ဖြစ်ပါတယ်။

OPPO Reno 3 ကိုတော့ အဖြူ၊ အပြာနဲ့ ဆည်းဆာရောင်ဆိုပြီး အရောင် ၃ မျိုး ထုတ်လုပ်သွားမှာပါ။ ဈေးနှုန်းကတော့ အနိမ့်ဆုံး 8GB/128GB မော်ဒယ်ကို ၄၈၅ ဒေါ်လာခန့်နဲ့ အမြင့်ဆုံး 12/128GB မော်ဒယ်ကို ၅၃၀ ဒေါ်လာခန့် ရှိပါတယ်။ ဒီဇင်ဘာ ၃၁ ရက်နေ့မှာပဲ ကြိုတင်မှာယူနိုင်မှာ ဖြစ်ပါတယ်။

Ref. OPPO 

You may also like these stories:
Did you find apk for android? You can find new Free Android Games and apps.
Loading