အမေရိကန်နိုင်ငံ၊ လတ်စ်ဗေးဂတ်မြို့မှာ ရှေ့တပတ် ကျင်းပပြုလုပ်မယ့် CES 2020 ပွဲမှာ ကမ္ဘာ့ထိပ်သီးနည်းပညာကုမ္ပဏီ Samsung က အမိုက်စား TV အသစ်တလုံးကို ပြသဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ 8K ရုပ်ထွက်အရည်အသွေးရှိ QLED အမျိုးအစား TV တလုံးဖြစ်ပြီး၊ ထူးခြားချက်အနေနဲ့ ဘေးဘောင်တွေ လုံးဝ ပါဝင်မှာ မဟုတ်ပါဘူး။ ကမ္ဘာ့ပထမဆုံး ဘောင်မဲ့ TV အစစ် အဖြစ် မှတ်တမ်းဝင်သွားမှာပါ။
လက်ရှိ ဈေးကွက်ထဲမှာလည်း Bezel-less လို့ ကင်ပွန်းတပ်ထားတဲ့ (ဘောင်မဲ့) TV အချို့ ရှိနှင့်ပြီးသားဆိုတော့ “ကမ္ဘာ့ပထမဆုံး” ဂုဏ်ပုဒ်က အငြင်းပွားစရာပါ။ ဒါပေမယ့် တကယ်တမ်းက လက်ရှိ “ဘောင်မဲ့” TV တွေရဲ့ ဘေးမှာ ဘောင်လေးတွေ ပါဝင်နေဆဲ ဖြစ်ပါတယ်။
သေးငယ်လွန်းတာကြောင့် သတိထားမိဖို့ ခဲယဉ်းပြီး ဘောင်ပျောက်နေသလို မြင်တွေ့ခံစားရတာပါ။ ယခု Samsung 8K TV အသစ်မှာတော့ လေးဖက်လေးတန် ဘောင်တွေကို လုံးဝ ဖြုတ်ချထားပြီး၊ ဖန်သားပြင်ချည်းအပြည့် ဖြစ်နေတာကို ဂျာမနီဝဘ်ဆိုဒ် 4KFilme ကနေ ပေါက်ကြားလာတဲ့ ဓာတ်ပုံတွေမှာ တွေ့မြင်နိုင်ပါတယ်။ “Zero-Bezel” TV ဆိုတဲ့ နာမည်အတိုင်း တကယ့် ဘောင်မဲ့ TV အစစ်တလုံး ဖြစ်လာမှာပါ။
Samsung အနေနဲ့ အခုလို ဘောင်မဲ့ TV မျိုး ဖြစ်ဖို့အတွက် သမားရိုးကျနည်းလမ်းအတိုင်း ဘောင်တွေ လျော့ချဖျောက်ပစ်ဖို့ မကြိုးစားဘဲ မျက်နှာပြင်အချပ်ပြားနဲ့ တီဗီကိုယ်ထည်ကို ပူးကပ်ထုတ်လုပ်တဲ့ နည်းလမ်းကို အသုံးပြုထားတယ်လို့ သိရပါတယ်။ TV ရဲ့ အကြမ်းဖျဉ်းဒီဇိုင်းက မကြာခင်က မိတ်ဆက်ခဲ့တဲ့ The Wall TV နဲ့ အနည်းငယ် ဆင်ပါတယ်။
Samsung “Zero-Bezel” TV ကို လာမယ့် ဖေဖော်ဝါရီလအတွင်း ဈေးကွက်ဝင် စတင် ထုတ်လုပ်သွားမှာ ဖြစ်ပြီး၊ ၆၅ လက်မနဲ့ အထက် မော်ဒယ်တွေပဲ ထုတ်ဖို့ စီစဉ်ထားပါတယ်။ ဈေးနှုန်းနဲ့ ဝယ်ယူရရှိနိုင်မယ့်ရက်ကိုတော့ CES 2020 ပွဲမှာ ကြေညာမယ်လို့ ခန့်မှန်းရပါတယ်။
Ref: DailyMail, The Verge
You may also like these stories:
အော်စကာဆုမှန်းနိုင်တဲ့ ရုပ်ရှင်ကားတွေ ရိုက်ကူးဖို့ Apple စီစဉ်နေ
Google Pay ကို ယှဉ်ပြိုင်မယ့် OnePlus Pay မိုဘိုင်းငွေပေးချေမှုစနစ်ကို မိတ်ဆက်
5G ဖုန်းကို လာမယ့် ၂၀၁၉ ခုနှစ်အတွင်း ထုတ်သွားမည် ဖြစ်ကြောင်း Huawei ပြောကြား