တန်ဖိုးသင့် စမတ်ဖုန်းတွေနဲ့ နိုင်ငံတကာဈေးကွက်မှာ အချိန်တိုအတွင်း နာမည်ရလာတဲ့ Realme က ယနေ့မှာ X50 5G အမည်ရ ဖုန်းသစ်တလုံးကို မိတ်ဆက်ပေးလိုက်ပါတယ်။ တရုတ်အခြေစိုက် Realme ရဲ့ ပထမဆုံး 5G ဖုန်းဖြစ်ပြီး၊ အစဉ်အလာမပျက် သင့်တင့်တဲ့ ဈေးနှုန်းနဲ့ ရောင်းချပေးသွားမှာပါ။ အနိမ့်ဆုံးမော်ဒယ်ကို ဒေါ်လာ ၃၆၀ ဝန်းကျင်သာ ကျသင့်မှာ ဖြစ်ပါတယ်။
Realme X50 5G မှာ Full HD အရည်အသွေးရှိ ၆ ဒဿမ ၅၇ လက်မအရွယ် IPS LCD မျက်နှာပြင်ကို အသုံးပြုထားပါတယ်။ 120Hz အထိ ဖော်ပြနိုင်တဲ့ မျက်နှာပြင်က ဖုန်းကိုယ်ထည်ရဲ့ ၉၀ ဒဿမ ၄ ရာခိုင်နှုန်းအထိ နေရာယူထားတယ်လို့ ဆိုပါတယ်။ ဖုန်းအရှေ့နဲ့ အနောက်ကိုလည်း Gorilla Glass 5 အကြမ်းခံမှန်သား အုပ်ပေးထားပါတယ်။
Realme X50 5G မှာ 5G Modem အသင့်ပါဝင်တဲ့ 7nm Snapdragon 765G Chipset ကို အသုံးပြုထားပြီး၊ NSA နဲ့ SA 5G ကွန်ရက် နှစ်မျိုးလုံး အသုံးပြုနိုင်ပါတယ်။ ကွန်ရက် အပြတ်အတောက် မရှိ တည်ငြိမ်စွာ အသုံးပြုနိုင်ဖို့အတွက် Wi-Fi ကွန်ရက် ၂ ခု ပြိုင်တူ ချိတ်ဆက်နိုင်သလို Wi-Fi နဲ့ 5G လည်း ပူးတွဲ အသုံးပြုနိုင်ပါတယ်။
RAM မော်ဒယ်ကွဲအနေနဲ့ 6GB RAM၊ 8GB RAM နဲ့ 12GB RAM ၃ မျိုး ထုတ်လုပ်သွားမှာပါ။ Storage ကိုလည်း အနိမ့်ဆုံး 64GB ကနေ အမြင့်ဆုံး 256GB အထိ ရွေးချယ်နိုင်မှာ ဖြစ်ပါတယ်။
ဖုန်းရဲ့ ကျောဘက်မှာ 64MP f/1.8 ကင်မရာ တလုံး၊ 12MP Telephoto ကင်မရာ တလုံး၊ 8MP Ultra-wide ကင်မရာတလုံးနဲ့ 2MP Macro တလုံး စုစုပေါင်း ကင်မရာ ၄ လုံးတိတိ ပါဝင်ပါတယ်။ Selfie ရိုက်ကူးဖို့အတွက် 16MP နဲ့ 8MP ကင်မရာ နှစ်လုံးကိုလည်း ဖုန်းရှေ့မျက်နှာပြင်မှာ အပေါက်ဖောက် ထည့်သွင်းပေးထားပါတယ်။
4,200mAh ဘက်ထရီနဲ့ ဖြစ်ပြီး၊ 30W VOOC 4.0 အားအမြန်သွင်းစနစ် ပါဝင်တာကြောင့် ဖုန်းအား ၇၀ ရာခိုင်နှုန်းကို မိနစ် ၃၀ အတွင်း သွင်းပေးနိုင်ပါတယ်။ လက်ဗွေရာဆန်ဆာကိုတော့ ဖုန်းရဲ့ ဘေးဘက်မှာပဲ ထည့်သွင်းထားပါတယ်။ နောက်ဆုံးပေါ် Android 10 စနစ်အခြေခံ Realme UI နဲ့ ထွက်ရှိလာမှာပါ။ OPPO ရဲ့ Color OS အစား Realme ရဲ့ ကိုယ်ပိုင် UI အသုံးပြုထားတဲ့ ပထမဆုံးဖုန်းလည်း ဖြစ်ပါတယ်။
Realme X50 5G ကို Glacier Blue နဲ့ Polar White အရောင်နှစ်မျိုး ထုတ်လုပ်သွားမယ်လို့ သိရပါတယ်။ ဈေးနှုန်းကတော့ အနိမ့်ဆုံး 8GB+128GB မော်ဒယ်ကို ၃၆၀ ဒေါ်လာခန့်၊ 6GB+256GB မော်ဒယ်ကို ၃၈၈ ဒေါ်လာခန့်၊ အမြင့်ဆုံး 12GB+256GB မော်ဒယ်ကို ၄၃၂ ဒေါ်လာခန့် သတ်မှတ်ထားပါတယ်။ တရုတ်ပြည်တွင်းမှာ ယနေ့ပဲ ဝယ်ယူရရှိနိုင်ပါပြီ။
ဒါ့အပြင် နာမည်ကြီး ဂျပန်ဒီဇိုင်နာတဦးက ဖန်တီးထားတဲ့ “Realme X50 5G Master Edition” ကိုလည်း ထပ်မံ ထုတ်လုပ်သွားဖို့ ရှိတယ်လို့ သိရပါတယ်။ ရွှေနဲ့ အနက်ရောင် ၂ မျိုး ရရှိမယ့် Master Edition အထူးထုတ်မော်ဒယ်ကိုတော့ ၄၄၆ ဒေါ်လာ ဈေးနဲ့ ဇန်နဝါရီလ ၁၄ ရက်နေ့မှာ စတင်ရောင်းချပေးသွားမှာ ဖြစ်ပါတယ်။
Ref: Gizmochina, XDA Developers
You may also like these stories:
ဈေးပိုမို သက်သာတဲ့ Samsung Galaxy S10 Lite နဲ့ Note 10 Lite စမတ်ဖုန်းများ ထွက်ရှိ
5G အသုံးပြုနိုင်တဲ့ OPPO Reno 3 နဲ့ Reno 3 Pro စမတ်ဖုန်းများ မိတ်ဆက်
ဖုန်းဈေးကွက်မှာ အမြတ်ငွေ အများဆုံး ဖုန်းကုမ္ပဏီအဖြစ် Apple ဆက်လက် ရပ်တည်